ပုလဲနယ်ရှိ စစ်ကောင်စီတပ်‌ ပစ်မှတ်များကို ဒရုန်းဖြင့် ဗုံးသီး ၁၂၀ ကျော်ကြဲချတိုက်ခိုက်

Author မင်းထက်
Categories
Published on Oct 10, 2023

စစ်ကိုင်းတိုင်း၊ ပုလဲနယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို ပြီးခဲ့သည့် စက်တင်ဘာ လဝက်အတွင်း ဒရုန်းဖြင့် ဗုံးသီး ၁၂၅ လုံးအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force(SSTF)အဖွဲ့ထံမှ သိရသည်။

SSTF(Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team- 4) Drone အဖွဲ့သည် စက်တင်ဘာလ ၁၄ ရက်မှ ၂၉ ရက်အထိ ယင်း မစ်ရှင်များကို ပုလဲမြို့နယ်အတွင်းရှိ ဇီဖြူကုန်းပျူစခန်းကို ၃ ကြိမ်၊ ကန်ထောင့်စစ်စခန်းကို ၆ ကြိမ်၊ အင်မထီးပျူစခန်းကို ၇ ကြိမ်၊ ပုလဲမြို့နယ် ထွေအုပ်ရုံးနှင့် မြို့မရဲစခန်းတို့ကို ၃ ကြိမ်စီနှင့် အခြားသော စစ်ကြောင်းကို ၂ ကြိမ် စသည်ဖြင့် ဒရုန်းနှင့် ဗုံးသီး ၁၂၅ လုံးချကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တော်လှန်ရေးရဲဘော် ထိခိုက်မှုကတော့ မရှိဘူးဗျ။ ပျူရွာတွေကို Mission လုပ်ရတာဆိုတော့ ပျူနဲ့ စခတွေရဲ့ ထိ ခိုက်မှုစာရင်းလည်း မသိရဘူးဗျ” ဟု SSTF (Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team- 4)Drone တာဝန်ခံက CJ Platform သို့ ပြောသည်။

ယင်းတိုက်ခိုက်မှုများကို SSTF(Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team-4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)PDAF နှင့် ပုလဲမြို့နယ်(ပကဖ)သင်တန်းသားများအဖွဲ့မှ ပူးပေါင်းစစ်ဆင်‌ရေးအဖြစ် ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် SSTF Drone တပ်ဖွဲ့အနေဖြင့် အောက်တိုဘာလ (၁) ရက်မှ (၄) ရက်နေ့တို့တွင်လည်း Myaing U.A.V Fighter Drone တပ်ဖွဲ့၊ Earthquake People Defence Force Drone တပ်ဖွဲ့၊ မြိုင်-ပြည်သူ့ကာကွယ်ရေး Drone တပ်ဖွဲ့၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့(မြိုင်) MRGF၊ ပခုက္ကူခရိုင်တပ်ရင်း(၈)တို့မှ ပူပေါင်း၍ ဒရုန်းဖြင့် အီနာဂါဗုံး ၉၆ လုံးချကာ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး အထိအခိုက်များခဲ့ကြောင်း သိရသည်။