လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ရေးသား၍ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိလာ

Author မင်းထက်
Categories
Published on Oct 09, 2023

လူမှုကွန်ရက်ပေါ်တွင် စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်ပြီး လူထုလှုပ်ရှားများနှင့် နွေဦးတော်လှန်ရေး အဖွဲ့အစည်းများကို ထောက်ခံအားပေးသော ရေးသား၊ ပြောဆိုဆက်သွယ်မှုများကြောင့် ဖမ်းဆီးခံရသူ ၁၃၀၀ ကျော် ရှိလာခဲ့ကြောင်း Data For Myanmar အဖွဲ့က ထုတ်ပြန်သည်။

၂၀၂၂ ဖေဖော်ဝါရီလမှ ယခုနှစ် စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ အရေအတွက်သည် ၁၃၁၆ ဦးရှိပြီး ဖမ်းဆီးခံရသူများမှာ Meta(ယခင် Facebook) လူမှုကွန်ရက်အသုံးပြုသူများအတွင်းမှ အများစုပါဝင်ပြီး TikTok နှင့် Telegram အသုံးပြုသူအချို့လည်း ပါဝင်ကြောင်း DFM ၏ဖော်ပြချက်အရ သိရသည်။

လူမှုကွန်ယက်တွင်ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်မှုများကြောင့် အဖမ်းခံရသူ အရေအတွက်သည် လစဉ် ပျမ်းမျှ ၆၅ ဦးခန့်ရှိပြီး ပြီးခဲ့သည့်နှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် လစဉ် လူ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်း ၄ လပေါင်း လူ ၅၀၀ အဖမ်းခံခဲ့ရကြောင်း သိရသည်။

အဖမ်းခံရသူအားလုံးအတွင်း တစ်ဝက်နီးပါးသည် ရန်ကုန်နှင့် မန္တလေးတိုင်းတို့မှဖြစ်ကြပြီး လူ ၆၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီဘက်က ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လူမှုကွန်ရက်မှ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဖမ်းဆီးအရေးယူမှုများကို နေ့စဉ်သတင်းစာများနှင့် စစ်ကောင်စီနှင့်နီးစပ်သော သတင်းမီဒီယာများမှတစ်ဆင့် နေ့စဉ်ဖော်ပြခဲ့သည်။

စစ်ကောင်စီမှ အမှန်တကယ်ဖမ်းဆီးထောင်ချခြင်းရှိမရှိ၊ ပြန်လည်လွတ်မြောက်မှု ရှိမရှိနှင့် နောက်ဆုံးအခြေအနေ စသောတစ်ဦးချင်းအသေးစိတ်အချက်အလက်များကို Data for Myanmar အနေဖြင့် မသိရှိရကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အတွင်း ဆိုထားသည်။

ယခုအချက်အလက်များကို နေ့စဉ်သတင်းစာများနှင့် စစ်ကောင်စီနှင့်နီးစပ်သော သတင်းမီဒီယာများ၏ ဖော်ပြချက်များကို တိုက်ဆိုင်စစ်ဆေးပြီး စုစည်းထားကြောင်း၊ နာမည်ထပ်နေခြင်းများကို တစ်ကြိမ်သာရေတွက်ထားပြီး လူနာမည်မပါသော ပိုင်ရှင်(စိစစ်ဆဲ)ဖမ်းဆီးခံရသူများကို ချန်လှပ်ထားကြောင်း DFM က ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)၏ နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ ၂ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်များ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၄,၁၄၂ ယောက်နှင့် ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၅,၂၅၆ ယောက်ထိ ရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြထားသည်။