ဆားလင်းကြီးတွင် အရပ်သားတစ်ဦးကို ကျားဘီးလူးစစ်ကြောင်းမှ သတ်ဖြတ်ပြီး ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

Author ခေတ်နီ
Categories
Published on Oct 06, 2023

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်၏ ကျားဘီလူးစစ်ကြောင်းမှ အရပ်သားတစ်ဦးကို သတ်ဖြတ်သွားပြီး ၁၀ ဦးထက်မနည်းဖမ်းဆီခံရကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့မှစတင်ကာ ဆားလင်းကြီးမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးခဲ့သည့် အဆိုပါကျားဘီးလူးစစ်ကြောင်းသည် မတောင့်တ ကျေးရွာအနီးတွင် အရပ်သားအမျိုးသားတစ်ဦးကို နှိပ်စက်ညှင်းပန်းပြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့သတ်ဖြတ်ခဲ့ပြီးနောက် အဆိုပါစစ်ကြောင်းပြန်လည်ထွက်ခွာသည့် အောက်တိုဘာလ ၅ ရက်နေ့တွင် သေဆုံးသူရုပ်အလောင်းကို ဒေသခံများမှပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ အလောင်းတွေ့တာတော့ ၅ ရက်နေ့ပေါ့လေ။ စစ်ကြောင်းဝင်တာက ဘယ်ရွာတွေကို အဓိကထားပြီးဝင်တယ်ဆိုတာတော့ ကျနော်မပြောလိုဘူး။ သတ်ခံရတဲ့သူကတော့ မတောင့်တရွာသားလို့ သိထားတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းအနီး “ရှေ့ဆက်လုပ်ပါ မကြာတော့ဘူး။ မျက်ဝါးထင်ထင်ပြာပုံမြင်ရတော့မည်။ ပုံ ကျားဘီလူးစစ်ကြောင်း” ဟု စစ်ကောင်စီတပ်သားများရေးသားခဲ့သည့်စာကိုလည်း တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ကျားဘီးလူးစစ်ကြောင်းသည် စစ်ကား ၁၇ စီးနှင့် ခြေလျင်အင်အားပေါင်း သုံးရာဝန်းကျင်အထိရှိနိုင်ပြီး ၎င်းတို့စစ်ကြောင်းထိုးရာလမ်းကြောင်းရှိ အရပ်သားဆယ်ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရသည်။

“ဆားလင်းကြီးမြို့ကနေ ထွက်တာဆိုတော့ လမ်းတလျောက်က ပြည်သူတွေကပြေးရတာပေါ့။ အဲဒီထဲမှာမှဖမ်းမိတဲ့ပြည်သူတစ်ဦးကိုသတ်သွားတာပေါ့။ ရဲဘော်တော့မဟုတ်ဘူး။ ပြည်သူပေါ့။ တခြားဆယ်ယောက်လောက်လည်း ဖမ်းခံရတယ်ကြားတယ်။ ဘယ်သူတွေရယ်၊ ဘယ်ရွာကရယ်ဆိုတာမသိရသေးဘူး” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် အဆိုပါစစ်ကြောင်းသည် ပုလဲနယ်အတွင်း ဆက်လက်စစ်ကြောင်းထိုးနေကြောင်း သိရသည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်းနိုင်ငံတဝန်းစစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် အရပ်သား ၄၁၄၁ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။