လှိုင်သာယာက ဘုရားစိန်ဖူးတော်သစ် ပြန်တင်ရန် အဆောင်ပိုင်ရှင်တစ်ဦးလျှင် ကျပ်တစ်သိန်းကောက်နေ

Author ကိုထက်
Categories
Published on Oct 05, 2023

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင်တည်ထားသော အောင်မြေသာယာဆုတောင်းပြည့်စေတီတော်ကို စိန်ဖူးတော်အသစ်ပြန်လည် တင်လှူရန်ဟုဆိုကာ အဆောင်ပိုင်ရှင်များကို တစ်ဦးလျှင် ကျပ်တစ်သိန်းမဖြစ်မနေထည့်ဝင်ခိုင်းနေကြောင်း ယင်းမြို့က အဆောင်ပိုင်ရှင်များထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်က ထိုမြို့နယ် ၇ ရပ်ကွက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် အစည်းအဝေးခေါ်ကာ မဖြစ်မနေ ကျပ်တစ်သိန်းထည့်ဝင်ရမည်ဟု ပြောကြောင်း အဆောင်ပိုင်ရှင်များက ဆိုသည်။

” ရာအိမ်မှူးက (အောက်တိုဘာ) ၁ ရက်နေ့က အစည်းအဝေးလိုက်ခေါ်တယ်။ အိမ်ပိုင်တွေတော့ မပါဘူး။ အဆောင်ပိုင်ရှင်တွေပေါ့။ ဘုရားစိန်ဖူးတော်အသစ်နဲ့ ဘက်စုံပြုပြင်ရေးအတွက်ဆိုလား။ တစ်ဦးကို မဖြစ်မနေ တစ်သိန်းထည့်ရမယ့်ပေါ့။ ရာအိမ်မှူးကို တစ်သိန်းတော့ များတယ်။ မတတ်နိုင်ဘူးပြောတော့ သွားပြောလေ စစ်တပ်က လူရှိတယ်။ သူ့သာသွားပြောလို့ ပြောလိုက်တယ်” ဟု ၇ ရပ်ကွက်အတွင်းက အဆောင်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းစေတီတော် ဘက်စုံပြုပြင်မွမ်းမံရေးအတွက် ယခင်က ရပ်ကွက်ထဲ လိုက်လံအလှူခံခြင်းသာဖြစ်ပြီး မည်သို့မည်မျှ မဖြစ်မနေထည့်ဝင်ခိုင်းခြင်း မရှိခဲ့ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

“အရင်ဒီလိုအလှူငွေကောက်တာမဟုတ်ပါဘူး။ ကိုယ်စေတနာရှိ‌သလောက်ပဲလေ။ ခုဟာက ဘာကိစ္စ အဆောင်ပိုင်ရှင်တွေပဲ ရွေးပြီးဒီလိုကောက်သလဲမသိပါဘူး။ တပ်ကလုပ်ခိုင်းတာဆိုတော့လည်း အဆောင်ပိုင်ရှင်တွေကို ပြောရတာပေါ့” ဟု ယင်းရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာထားဆဲဖြစ်ပြီး အုပ်ချုပ်ရေးကိစ္စရပ်များ၊ အခြားအထွေထွေကိစ္စရပ်များကို စစ်ကောင်စီတပ်အကြီးအကဲများကသာ ချုပ်ကိုင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့်လပိုင်းများကလည်း ညမထွက်ရအချိန်မတိုင်ခင် အလုပ်မှပြန်လာသူများကို ဖမ်းဆီးငွေညှစ်မှုများ စစ်ကောင်စီတပ်သားများမှ ပြုလုပ်ခဲ့သေးသည်။