ဘန်ကောက်မြို့လယ်က ဈေးဝယ်စင်တာပစ်ခတ်မှု မြန်မာတစ်ဦးနှင့် တရုတ်တစ်ဦးတို့သေဆုံး၊ ၁၄ နှစ်အရွယ်ပစ်ခတ်သူဟု ယူဆရသူကို ထိုင်းရဲတပ်ဖွဲ့ဖမ်းဆီး

Author လင်းနွေဦး
Categories
Published on Oct 04, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ အကြီးဆုံးဈေးဝယ်စင်တာများထဲမှ တစ်ခုဖြစ်သော Siam Paragon(ဆိုင်ရမ် ပါရာဂွန်) ဈေးဝယ်စင်တာအတွင်း စက်တင်ဘာ ၂ ရက်နေ့ ညနေ ၄နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထိုင်းထိပ်တန်းသတင်းစာ Bangkok Post သတင်းတွင် ဖော်ပြသည်။

ထိုပစ်ခတ်မှုတွင် ပစ်ခတ်သူဟုယူဆရသည့် အသက် ၁၄ နှစ်အရွယ် ကျောင်းသား(၁)ဦးကို ဘတ်ကောက်ရဲတပ်ဖွဲ့က အဆိုပါ ညနေပိုင်းမှာပင် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါပစ်ခတ်မှုကြောင့် စင်တာအတွင်းရှိ ပြည်သူ (၂)ဦး ကျည်ထိမှန် သေဆုံးခဲ့ရကာ (၅)ဦးမှာ ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

သေဆုံးသူ နှစ်ဦးတွင် တစ်ဦးမှာ မြန်မာအမျိုးသမီး ဖြစ်ကြောင်း BangKok Post သတင်းက ဆိုသည်။

သေဆုံးသူ မြန်မာအမျိုးသမီး၏ အသက်အရွယ်အားမဖော်ပြခဲ့သော်လည်း ရဲဆေးရုံကြီးတွင် ရရှိထားသောဒဏ်ရာများကြောင့် လက်လျော့ကာ ဆုံးပါးသွားခဲ့ရကြောင်း၊ ကျန်သေဆုံးခဲ့သူမှာ (၃၄) နှစ်အရွယ် တရုတ်အမျိုးသမီးဖြစ်ပြီး စင်တာ၏ မြေညီထပ်တွင်ပင် ပစ်ခတ်ခံရပြီး ဆုံးပါးခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာ ရရှိသူ (၅)ဦးကို သက်ဆိုင်ရာ ဆေးရုံ အသီးသီးသို့ ပို့ဆောင်ခဲ့ရပြီး ၎င်းတို့အနက် (၂)ဦးမှာ အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်နေရသည်။

တစ်ဦးမှာ ခေါင်းသို့ ထိမှန်ခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးမှာ ၂၈ နှစ်အရွယ် လာအိုအမျိုးသမီးဟုသိရကာ ချိုင်းမှတစ်ဆင့် ပခုံးသို့ ကျည်ဖောက်ဝင်ခြင်းကြောင့် အရေးပေါ်အခြေအနေ ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု Bangkok Post သတင်းအရ သိရသည်။

ကျန် သုံးဦးမှာ အခြေအနေ တည်ငြိမ်ကာ စိုးရိမ်စရာမရှိတော့ကြောင်း သိရသည်။

နယ်မြေရဲအရာရှိဖြစ်သူ Pol Gen Sukvimol(ပိုဂျန်ဆူကီမို)မှ ဖမ်းဆီးထားသော ရာဇဝတ်သားအခြေအနေနှင့် ပတ်သက်ပြီး “ဒီကောင်လေးအခြေအနေက စိတ်ပုံမှန် မဟုတ်နေပါဘူး။ သူပြောတာတော့ သူ့နားထဲမှာ သူ့ကို လူတွေကို ပစ်ဖို့ ပြောနေတဲ့အသံတွေပဲ ကြားနေခဲ့တာ” ဟု ဒေသတွင်း Media များသို့ ဖြေကြားခဲ့သည်။

ရဲအရာရှိ၏ ပြောကြားချက်အရ အဆိုပါ ကျောင်းသားမှာ စိတ်ကျန်းမာရေးကုထုံးများ ခံယူခံရသူဖြစ်ပြီး အသက်အရွယ်အရမှာလည်း လူကြီးအဖြစ်သတ်မှတ်လို့ မရသေးသောကြောင့် အသေးစိတ်အချက်အလက်များကို မပေးနိုင်သေးကြောင်း သိရသည်။

အခင်းဖြစ်ပွားချိန်၌ အဆိုပါ ကျူးလွန်သူ လူငယ်မှာ အနက်ရောင် တီရှပ်၊ ပုံဖျက်နိုင်သော ဘောင်းဘီရှည်၊ အမေရိကန်အလံပါ ဘေစ့်ဘောဦးထုပ် ဆောင်းထားပြီး ဆံပင်ရှည်ရှိသူဖြစ်ကာ သေနတ်ကို ကိုင်ဆောင်ထားကြောင်း CCTV မှတ်တမ်းများအရ သိရသည်။

အခင်းဖြစ်ပွားပြီးနောက် နယ်မြေရဲများမှ ၎င်း၏ နောက်ကြောင်းကို စုံစမ်းခဲ့ရာတွင် ဘန်ကောက်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခု၌ တက်ရောက်နေသော ကျောင်းသားတစ်ဦးဖြစ်ကာ မိဘများမှာ ပရော်ဖက်ဆာများဖြစ်သည်ဟု သိရသည်။

၎င်း၏ အိပ်ခန်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာတွင် လည်း ၉ မမ ကျည် ၄၉ တောင့်ကိုသိမ်းဆည်းရမိခဲ့ပြီး အသုံးပြုပြီးသား ကျည်ခွံဆိုဒ် အမျိုးမျိုး ၁၅ ခု လည်းပါဝင်သည်ဟု ဆိုသည်။

၎င်း၏ ဖုန်းကို ဆက်လက်စစ်ဆေးရှာဖွေခဲ့ရာတွင်လည်း သေနတ်ပစ် လေ့ကျင့်နေသော သူ၏ ဗီဒီယိုများကို တွေ့ရှိခဲ့ရသည်။

ထိုင်းနိုင်ငံတွင် သေနတ်ပိုင်ဆိုင်သူမြင့်မားခြင်းကြောင့် ယခုကဲ့သို့ အလားတူ ပစ်ခတ်မှုများရှိခဲ့ဖူးပြီး လွန်ခဲ့သည့် တစ်နှစ်ဝန်းကျင်က ရဲအရာရှိဟောင်းတစ်ဦး၏ ကလေးထိန်းကျောင်းအတွင်း ဓားနှင့် သေနတ်အသုံးပြုကာ အကြမ်းဖက်မှုကြောင့် ကလေးငယ် ၂၄ ယောက်နှင့် အရွယ်ရောက်ပြီးသူ ၁၂ ယောက် သေဆုံးခဲ့ရသည်။

ပြီးခဲ့သည် ၂၀၂၀ ခုနှစ်အတွင်းက စစ်ဘက်အရာရှိဟောင်းတစ်ဦးမှ Nakhon Ratchasima(နက်ခွန် ရတ်ချဆီမာ)ရှိ ဈေးဝယ်စင်တာအတွင်း အကြမ်းဖက်ပစ်ခတ်မှုကြောင့်၂၉ ဦး သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – CNA Media