ကမ္ဘာ့တောင်ဝင်ရိုးစွန်းရှိ အန္တာတိကရေခဲတိုက်တွင် ဒေသမျိုးရင်းပန်းများ အရှိန်အဟုန်ဖြင့် ပေါက်ဖွားလျက်ရှိ

Author ဇက်
Categories
Published on Sep 30, 2023

ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတုအဆမတန် ပြောင်းလဲလာမှုတို့၏ အကျိုးဆက်အနေဖြင့် အန္တာတိကတိုက်တွင် ပန်းများ ယခင်ကထက်ပို၍ မြန်မြန်ဆန်ဆန် ပွင့်လန်း ပေါက်ဖွားလာကြောင်း သုတေသီများ၏ ပြောကြားချက်အရ သိရသည်။

အန္တာတိကတိုက်၏ မျက်နှာပြင် ဧရိယာ အများစုမှာ ရေခဲနှင့် နှင်းများ ဖုံးလွှမ်းလျက်ရှိသောကြောင့် အပင်အမျိုးအစား များများစားစား ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိဘဲ ပေါက်ဖွားနေသည့် ဒေသမျိုးရင်း ပန်းမျိုးစိတ်နှစ်ခုမှာလဲ အနောက်အန္တာတိက ကျွန်းဆယ် ဒေသဝန်းကျင်တွင်သာ အရေအတွက် အနည်းငယ် ရှိနေခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် နှစ်အနည်းငယ်မှ စ၍ ကမ္ဘာကြီးပူနွေးမှု မြင့်လာသည့် အတွက်ကြောင့် ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဝင်ရိုးစွန်းဒေသရှိ ရေခဲပြင်များလဲ အရည်ပျော်မှု များပြားလာခဲ့သည်။

အကျိုးဆက်အနေဖြင့် အန္တာတိကတိုက်အတွင်း အပင်များ ယခင်ကထက် ပိုမိုလျင်မြန်စွာ ပေါက်ဖွားလာလျက်ရှိကြောင်း သုတေသီများ၏ အဆိုအရ သိရသည်။

အီတလီနိုင်ငံ၊ အင်ဆူဘရီးယား တက္ကသိုလ်မှ သိပ္ပံပညာရှင် နီကိုလက်တာ ကန်နန်း ဦးဆောင်သည့် သုတေသနအဖွဲ့က အန္တာတိကတိုက်ဧရိယာ ဆစ်ဂ်နီကျွန်းရှိ ဆိုက်တွင်းမှ ဒေသမျိုးရင်း အပင်မျိုးစိတ်နှစ်ခု၏ ကြီးထွားမှုနှင့် ပြန့်ပွားမှုနှုန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဆယ်နှစ်ကြာ သုတေသနပြုလုပ်ခဲ့သည်။ အဆိုပါ စစ်တမ်းရလဒ်များအား လွန်ခဲ့သော အနှစ် ၅၀ က စစ်တမ်းရလဒ်များနှင့် နှိုင်းယှဉ်ကြည့်ရာတွင် အဆိုပါနေရာများရှိ ၎င်းအပင်မျိုးစိတ်များသည် လျင်မြန်စွာ ပျံ့နှံ့ပေါက်ပွားလာရုံသာမက ကြီးထွားမှုနှုန်းပါ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ နှစ်အလိုက် ကမ္ဘာ့ပူနွေးမှု မြင့်တက်လာသည်နှင့်အမျှ ၎င်းအပင်များ၏ ကြီးထွားပေါက်ရောက်မှုနှုန်းများပါ တစ်နှက်ထက် တစ်နှစ် ဆထက်တိုး များပြားလာပြီး စစ်တမ်းအရ လွန်ခဲ့သည့် ဆယ်စုနှစ်နှင့် ယှဉ်လျှင် ငါးဆမှ ဆယ်ဆခန့် ပိုလာသည်ဟု သိရသည်။

ယူကေရှိ အဏ္ဏဝါသိပ္ပံဆိုင်ရာ စကော့တစ်ရှ်အသင်းမှ သိပ္ပံပညာရှင် မက်သရူးဒေဗီက “အန္တာတိက ဒေသတွင်းမှာ အပင်တွေ အရှိန်အဟုန်နဲ့ တိုးမြင့်ပေါက်ဖွားတဲ့ ကိစ္စက အခုဆိုရင် အင်မတန်သိသာထင်ရှားလာပါပြီ” ဟု New Scientist မှ ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောသည်။

“သုတေသနက ရတဲ့ ဒေတာအချက်အလက်တွေအရ ဒီအပင်တွေ ရေခဲပြင်ဒေသမှာ အခုလိုမျိုး လျင်လျင်မြန်မြန်ပေါက်ဖွားလာနေတာကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်”ဟူ၍လဲ ၎င်းက ဖြည့်စွက်ပြောဆိုသေးသည်။

ယခုကဲ့သို့ ဝင်ရိုးစွန်းဒေသများ အပူချိန်မြင့်တက်လာမှုနှင့် ရေခဲပြင်ဒေသများ လျော့နည်းလာမှုတို့ကြောင့် အန္တာတိကဒေသအတွင်း အခြားနယ်များမှ ကျူးကျော်မျိုးစိတ်များ ရောက်ရှိလာနိုင်ပြီး ပတ်ဝန်းကျင် သဟဇာတဖြစ်မှုများ လျော့နည်းလာနိုင်သည်။ လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာခန့်ကလဲ အာတိတ်ဒေသမျိုးရင်း ပိုလာဝက်ဝံတစ်ကောင် ၎င်းအစာမဟုတ်သည့် ကယ်ရီဘူးသမင်အား ဖမ်းဆီးစားသုံးနေသည့် မှတ်တမ်းဗီဒီယိုတစ်ခု ပြန့်နှံ့ခဲ့ဖူးသည်။ ရေခဲပြင်များအရည်ပျော်လာခြင်းနှင့်အတူ အစာကွင်းဆက်ယိုယွင်းပြီး အမဲလိုက်ရန် ခက်ခဲလာသည့်အတွက် ဒေသတိရစ္ဆာန်များအနေဖြင့် အစာငတ်မွတ်ခေါင်းပါးမှုဒဏ်ခံရပြီး မျိုးသုဉ်းခံနိုင်သည့် အခြေအနေ မြင့်တက်လာည်ကို မီးမောင်းထိုးပြသနေခြင်းဖြစ်သည်။