ရဲနှင့်တပ်မတော်သား CDMများ ဦးစီးလုပ်ဆောင်နေသည့် Eco Printing hand Collection ထုတ်ကုန်များအား ကမ္ဘာနိုင်ငံအချို့သို့ တင်ပို့ရောင်းချနေနိုင်ပြီဖြစ်

Author ပင်ကီ
Categories
Published on Sep 02, 2023

စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို လက်မခံဘဲ CDM လုပ်ဆောင်ခဲ့ကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများ ဦးစီးကာ ထိုင်းနိုင်ငံ တစ်နေရာတွင် လုပ်ဆောင်နေသည့် Eco Printing hand Collection ထုတ်ကုန်များအား ယခုနှစ် ဇူလိုင်လမှ စတင်ကာ ကမ္ဘာနိုင်ငံအချို့သို့ တင်ပို့ရောင်းချနေနိုင်ပြီဖြစ်ကြောင်း CDM ဝန်ထမ်းများထံမှ သိရသည်။

သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းစဉ်တစ်ခုလည်းဖြစ်သည့် သဘာဝ သစ်ရွက် ၊ သစ်ဥ၊ သစ်သီးများဖြင့် ပေါင်းခံကာ အသုံးဆောင်ပစ္စည်းများအား ထုတ်လုပ်နေပြီး Eco Printing hand Collection ထုတ်ကုန်များဖြစ်သည့် အမျိုးသား၀တ် ၊အမျိုးသမီး၀တ် အင်္ကျီ၊ ဂါ၀န်၊ ပုဝါ ၊လွယ်အိတ်ဒီဇိုင်းမျိုးစုံ၊ ပိတ်စ စသည့် ထုတ်ကုန်များအား CDM ဝန်ထမ်းများမှ ဦးဆောင်ကာ ထုတ်လုပ်နေကြခြင်း ဖြစ်ပြီး၊ ယင်းထုတ်ကုန်များအား UK၊ USA ၊ ဩစတီးယား ၊ တောင်ကိုရီးယား ၊ စင်ကာပူ၊ ဂျပန်၊ မလေးရှားနှင့် ထိုင်းနိုင်ငံအတွင်းရှိ မြို့ကြီးအချို့အား တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

“လုပ်ဖော်ကိုင်ဖက် အင်အားအနေနဲ့ ၆ယောက်ရှိတယ် ထုတ်ကုန်များအတွက် အစ်မကိုယ်တိုင်ပဲ စက်ချုပ် ဒီဇိုင်းထုတ်ပြီး ပိတ်အုပ် ဆေးဆိုး ဒီဇိုင်းဖော်တာတော့ ကိုရဲနိုင်က ဦးဆောင်ပြီး လုပ်တယ်။စ လုပ်ခဲ့တဲ့ ဇူလိုင်လရဲ့ အမြတ်ငွေ တချို့ကို ပြည်တွင်းကိုပဲ ဖုန်းဘေ၊ ရိက္ခာ၊ရဲမေလေးတစ်ယောက်ရဲ့ ကျန်းမာရေးမကောင်းလို့လည်း ပေးခဲ့သေးတယ်၊ အားလုံးပေါင်းဆို ဘတ် ၄၀၀၀လောက် ပြန်ထောက်ပံ့ပေးနိုင်ခဲ့တယ်”ဟု အဆိုပါ လုပ်ငန်းအား ဦးဆောင်ပါဝင်သူ ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးဖြစ်သူ မဖူးပွင့်က ပြောသည်။

Eco Printing hand Collection အဖြစ် လုပ်ဆောင်နိုင်ရန် အဖွဲ့အစည်းအချို့မှ CDM ဝန်ထမ်းများအား သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပြီးနောက် ယခုကဲ့သို့ ထုတ်ကုန်များ ထုတ်လုပ်ကာ တော်လှန်ရေးအင်အားစုများ၏ ကူညီပံ့ပိုးမှုဖြင့် နိုင်ငံတကာသို့ တင်ပို့ ရောင်းချနေခြင်း ဖြစ်သည်။

“ကျွန်တော်ကတော့ စားဖို့သောက်ဖို့ အဆင်‌ပြေမယ်၊ ကျွန်တော်လို CDM ၀င်လာတဲ့ ရဲဘော်တွေကို အလုပ်အကိုင် အခွင့်အလမ်း ပေးချင်တယ်၊ကျွန်တော်တို့အစ က အရမ်းကိုကြိုးစားခဲ့ရတာ အစပိုင်းခက်ခဲပင်ပန်းပေမဲ့ လုပ်ချင်တာကိုပဲ တစိုက်မက်မက် ကြိုးစားတဲ့အခါ အခုလို အောင်မြင်‌မှု ရလာခဲ့တယ်ဆိုတာကို ကျွန်တော်ရဲဘော် ရဲဘက် CDM တွေကို ပြောပြချင်တယ်”ဟု အဆိုပါ လုပ်ငန်းတွင် ဦးဆောင်ပါဝင်သူ တစ်ဦးဖြစ်သူ ရဲတပ်သား CDM တစ်ဦးဖြစ်သူ ကိုရဲနိုင်က ပြောသည်။

Eco Printing hand Collection ၏ ထုတ်ကုန်များအား ၎င်းတို့၏ Facebook စာမျက်နှာဖြစ်သည့် Actions of CDMers “AOC “မှတဆင့် ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။