နွေဦးဝိညာဉ်ကို ကျောခိုင်းထားသည့် နိုင်ငံရေး လူတတ်ကြီးများ

Author နိုင်ရာဇာမင်း
Categories
Published on Mar 11, 2023

ရှစ်လေးလုံး အရေးတော်ပုံကြီးမှ ပေါက်ဖွားခဲ့သည့် နိုင်ငံရေးသမားကြီး အချို့ ယခု နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေး စကားများကို ပြောဆိုမှုများကို တွေ့ရခက်နေခဲ့သည်။ သာမာန် ဖေ့စ်ဘွတ်ပို့စ် တင်သူကိုပင် အကြမ်းဖက် တိုက်ဖျက်ရေး ပုဒ်မများ တပ်၍ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် စစ်ကောင်စီ သည် ဆိုခဲ့ပါ နိုင်ငံရေးသမား ကြီးများကိုတော့ မည်သည့် ပုဒ်မများကိုမျှ တပ်၍ ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့ခြင်း မရှိပေ။

မြန်မာပြည် ဆိုရှယ်လစ်လမ်းစဉ်ပါတီနှင့် အာဏာရှင် ဦးနေဝင်းတို့ကို ပြုတ်ကျစေခဲ့သည့် ရှစ်လေးလုံး အရေးတော်ပုံကြီးသည် တက္ကသိုလ်ကျောင်းသားများ၏ အုံကြွမှုဖြင့် အစပြုခဲ့သည်။ မဆလ ခေတ်တစ်လျှောက် ကျောင်းသား အရေးတော်ပုံ၊ အလုပ်သမား သပိတ်များ၊ လူထုအုံကြွမှုများက အားကောင်းကောင်းဖြင့် ပေါ်ထွန်းခဲ့သော်လည်း အစိုးရ ပြုကျသည်ထိ ဖြစ်ခဲ့ခြင်း မရှိပေ။

အင်းစိန် GTI ကျောင်းဝင်းအတွင်းမှ မဆလ လုံထိန်းများ၏ ကြမ်းကြုတ်မှုသည် တစ်နိုင်ငံလုံး အနှံ့ လူထုတော်လှန်ရေး မီးတောက်ကို ထွန်းညှိပေးလိုက်သလို ဖြစ်သွားခဲ့သည်။

ငွေစက္ကူများ တရားမဝင် ကြေညာခဲ့ခြင်းက လူထုကို ဆင်းရဲတွင်း၏ အတွင်း ခက်နက်နက်ထဲ တွန်းပို့သလို ဖြစ်နေခဲ့ပြီး ထွက်ပေါက် ပိတ်သွားခဲ့ချိန်တွင် ကျောင်းသားလေးများကို ထပ်မံအနိုင်ကျင့်လိုက်သည့် မဆလ အစိုးရသည် ထိုခေတ်က လူထု ကြွေးကြော်သံတစ်ခုအတိုင်း Get Out ဖြစ်သွားခဲ့တော့သည်။

ရှစ်လေးလုံး အရေးတော်ပုံအတွင်း၌ အဆိုပါ နိုင်ငံရေး လူတတ်ကြီးများသည် အာဏာရှင် ပြုတ်ကျရေး အသက်ကို မငဲ့ဘဲ တိုက်ပွဲဝင်ခဲ့ကြသည့် တက္ကသိုလ်ကျောင်းသားများထဲတွင် ပါဝင်ခဲ့သည်။

မြန်မာစစ်သားများ ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်းမှုများအကြား တစ်ဦးလက်ကို တစ်ဦး ခိုင်မြဲစွာ တွဲရင်း ခေါင်းမော့ရင်ကော့ ချီတက်ခဲ့ကြသူများလည်း ဖြစ်သည်။ စစ်အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း အနှစ်နှစ်ဆယ်ကျော် ကာလတစ်လျှောက်တွင်လည်း ၎င်းတို့သည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယုံကြည်ချက်အတိုင်း ဆက်လက်၍ ရဲရဲ ဝံ့ဝံ့ ဆက်လျှောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ဖြင့် ရှိနေခဲ့သည့် ကာလတစ်လျှောက် အဆိုပါနိုင်ငံရေး သမားကြီးများသည် ရှစ်လေးလုံး တော်လှန်ရေး မီးစကို မငြိမ်းသွားရအောင် သတ္တိရှိရှိ တော်လှန်နေခဲ့ကြဆဲ ဖြစ်သည်။

ထို့အတွက် စစ်အစိုးရ၏ ထောင်နှစ်ရှည်ချခြင်း၊ မတရားဖမ်းဆီး နှိပ်စက်ခြင်း၊ အသက်မွေးဝမ်းကျောင်း ပြုမရသည်ထိ လူထုနှင့် ကင်းကွာအောင် ပြုလုပ်ခြင်း ကဲ့သို့သော ဖိနှိပ်မှုများကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။

ယခင် ဦးသန်းရွှေ၏ သံလက်သီး စစ်အစိုးရ ဖိနှိပ်မှု ကာလတစ်လျှောက် ၎င်းတို့၏ တော်လှန်နေခဲ့မှုများက လူထုအား ဖိနှိပ်မှုအောက် အကြောက်တရားဖြင့် လုံးလုံးလျားလျား မနစ်မြုပ်သွားစေခဲ့သည့် အကြောင်း အရင်း တစ်ခုဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး ကာလတွင်လည်း ဆိုခဲ့ပါ နိုင်ငံရေး သမားကြီးများသည် လက်ရှောင်နေခဲ့ခြင်း မရှိ။ အားလုံးဟု မဆိုနိုင်သော်လည်း အများစုကတော့ လူထုချီတက်မှုများတွင် တက်ကြွစွာပါဝင်ခဲ့သူများသာ ဖြစ်သည်။

၎င်းတို့သည် ၂၀၀၈ ခြေဥ အတည်ပြုခြင်းကိုလည်း ရှေ့ဆုံးက ဆန့်ကျင်ခဲ့ကြသူများ ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း စစ်အစိုးရ၏ ၂၀၀၈ ရွှေရည်စိမ် ဒီမိုကရေစီ မက်လုံးကို အများစုက ငြင်းပယ် ကန့်ကွက်ခဲ့ကြသည်။

ထိုအချိန်က ဒီမိုကရေစီ ဘက်တော်သားများအားလုံးသည် တစ်ညီတစ်ညာတည်း စစ်အာဏာရှင် စနစ်ပြုတ်ကျရေးအတွက် ဦးထိပ်ထားခဲ့ကြခြင်း ဖြစ်သည်။ နိုင်ငံရေး လူတတ်ကြီးများသည် ထိုအချိန်က အလွန်လေးစားဖွယ်ရာ စိတ်ဓာတ်ကြံ့ခိုင်သည့် တော်လှန်ရေးသမားများလည်း ဖြစ်ခဲ့ကြသည်။

ရှစ်လေးလုံးကာလတွင်း အဆိုပါ ဒီမိုကရေစီ ဘက်တော်သားများ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့၏ ခေါင်းဆောင် သို့မဟုတ် လူထု တစ်ရပ်လုံး၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့ကြပြီး လွှတ်တော်တွင်းသို့ NLD ဝင်ရောက်သွားချိန် ၂၀၁၂ခုနှစ်တွင် သဘောထားကွဲလွဲမှုများ စ၍ ဖြစ်ပေါ်လာခဲ့သည်။

အချို့က ၂၀၀၈ ခြေဥ ကို လက်ခံပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်ခြင်း အပေါ် နှစ်လိုကြခြင်း မရှိပေ။ အဆိုပါ ခြေဥသည် စစ်အာဏာရှင် အလိုကျ ရေးဆွဲထားပြီး တရားမျှတမှု ရှာရန် မဖြစ်နိုင်သည့် ခြေဥ တစ်ခု အဖြစ် လည်း ရှုမြင်ကြသည်။

စစ်တပ်၏ အခန်းကဏ္ဍက ခြေဥအပေါ် အလွန်အမင်း စိုးမိုးခြယ်လှယ်ထားပြီး အရပ်သား အစိုးရ၏ အာဏာစက် တစ်နည်းအားဖြင့် လူထုအာဏာ လူထုထံ အမှန်တကယ် ပြန်မရောက်နိုင်ခြင်း အပေါ်  ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလများတွင်တော့ သူတို့အားလုံး တစ်သားတည်း ဖြစ်သွားခဲ့သေးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ အပေါ် သူတို့၏ ဆန္ဒမဲများကို ထည့်ခဲ့ကြခြင်းဖြင့် တစ်လှေတည်းစီး တစ်ခရီးတည်းကို မဆုတ်မနစ် ရင်ဆိုင်ကြရန် ဆုံးဖြတ်ခဲ့ကြခြင်း မျိုး ဖြစ်သည်။

နိုင်ငံရေး လူတတ်ကြီးများသည် အထက်ပါ အကြောင်းအရာ အချက်အလက်များအရ ကြည့်လျင် မဆုတ်မနစ်သော တော်လှန်ရေး စိတ်ထားနှင့် ပြည့်စုံ၍ သမိုင်းကြောင်း ကောင်းခဲ့သူများလည်း ဖြစ်သည်။

ထို့အပြင် NLD အစိုးရ ကာလတစ်လျှောက် နိုင်ငံရေး လူတတ်ကြီးများ၏ လက်တွေ့ကျကျ ဝေဖန်ထောက်ပြမှုများက ပါတီကို လွန်လွန်ကျူးကျူး ထောက်ခံသူများအတွက် အမြဲတစ်စေ မျက်စိ စပါးမွှေးစူးစရာ အစိုးရကို ကန့်လန့် တိုက်နေကြသူများ အဖြစ် ရှုမြင်ခြင်းကို ခံရစေသည်။

တိုင်းရင်းသားရေး ကိုင်တွယ်ပုံ၊ ရိုဟင်ဂျာအရေးတွင် နိုင်ငံရေး ကြားညပ်ခံရမည့် အရေး ကြိုသတိပေးခြင်းမျိုးက အစ ၂၀၂၀ ရွေးကောက်ပွဲအပြီး စစ်အာဏာသိမ်းမည့် အရေး မပေါ့ဆရန် သတိပေးခဲ့ကြသူများ အဖြစ် ၎င်းတို့သည် ပြင်းထန်သည့် ဝေဖန်မှုများအကြား ရပ်တည်ခဲ့ကြရသည်။

နှစ်ပေါင်းများစွာ နိုင်ငံရေး ဂုဏ်သိက္ခာ ကြီးမားခဲ့သူများ အဖြစ် ရှုမြင်ခံခဲ့ရသူများသည် ၎င်းတို့ မဲပေးခဲ့သည့် အစိုးရကို ဝေဖန်ထောက်ပြခြင်းများကြောင့် လူမှုကွန်ယက်များပေါ်တွင် အပြင်းအထန် ဝေဖန်တိုက်ခိုက်ခြင်းများကို ခံခဲ့ကြရသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ခြင်းသည် NLD အစိုးရ လက်ထက်၌ အစိုးရ၏ ဖမ်းဆီးခြင်းကို ခံရရန် နည်းပါးသော်လည်း အခါမလပ်စောင့်ကြည့်နေသည့် အွန်လိုင်းပေါ်မှ လူအုပ်ကြီး၏ ဒဏ်ကို တော့ ခံရစမြဲ ဖြစ်သည်။

ချက်ကျ လက်ကျ ထောက်ပြပြောဆိုမှုများက အဆိုပါ လူအုပ်ကြီး လက်ထဲတွင်တော့ စစ်တပ်နှင့် ပူးပေါင်းသူများ သို့မဟုတ် သြဇာခံသူများ အဖြစ် ပုံသွင်းခြင်းကို ခံရတော့သည်။

သစ်ခုတ်သမားဟု သူတို့ကိုသူ တင်စားသည့် ၎င်းတို့၏ ရင်တွင်း၌ ဆူးတစ်ချောင်းတော့ စိုက်ဝင်နေခဲ့ပုံရသည်။

သို့ဖြင့် တစ်ကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပွားလာခဲ့သည်။

စစ်ဘက်အသိုင်းအဝိုင်း၏ အကျိုးစီးပွား အရပ်ရပ်သည် အရပ်သား အစိုးရ လက်ထက်တွင် အဘက်ဘက်မှ ဆုတ်ယုတ်လာခဲ့သည်။ ၂၀၀၈ ခြေဥ အကြောင်းပြ အာဏာ ဆက်ကိုင်ထားနေစဲ အခြေအနေမှာပင် စစ်ခေါင်းဆောင် လက်တစ်ဆုပ်စာမှ တစ်ပါး အခြား ကျယ်ပြန့်သည့် အနွယ်ဝင်များအတွက် ယခင် ဆယ်စုနှစ်များကကဲ့သို့ နိုင်ငံ၏ အကျိုးစီးပွားများကို လိုသလို ခြယ်လှယ်နိုင်ခွင့်များ ကျဆင်းလာခဲ့သည်။

နိုင်ငံအတွင်း စီးပွားရေးကို လက်ဝါးကြီးအုပ်ထားနိုင်ဆဲ ဖြစ်သော်လည်း ဆက်လက်၍ လက်ဝါးကြီး အုပ်နိုင်မည့် အရိပ်အယောင်များက သိသိသာသာ လျော့ပါးလာနေခဲ့ပြီ ဖြစ်သည်။

ထိုအရာသည်ပင် ယခု စစ်အာဏာသိမ်းရခြင်း၏ အဓိက အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပြီး အခြားသော ယူဆချက်တစ်ခုအဖြစ် မင်းအောင်လှိုင်၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ပုဂ္ဂိုလ်ရေး အညှိုးဖြင့် အာဏာသိမ်းသည်ဟုလည်း ရှုမြင်သူ အများအပြားလည်း ရှိထားသည်။

ထိုသို့ ရှုမြင်သူများထဲတွင် နိုင်ငံရေး လူတတ်ကြီးများလည်း ပါဝင်သည်။

၎င်းတို့သည် တစ်ကျော့ပြန် စစ်အာဏာသိမ်းကာလ ကနဦး အချိန်များတွင်ပင် ယခု အာဏာသိမ်းမှု ဖြစ်ပွားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ၏ နိုင်ငံရေး အမျှော်အမြင် နည်းပါးမှုများကြောင့်ဟူသည့် ဝါဒကိုသာ ဆက်လက် ဆွဲကိုင်ထားခဲ့ သူများ ဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှု ကို လက်မခံသည့် လူထု အုံကြွမှုများကိုတော့ ဖေ့စ်ဘွတ်ပေါ်တွင် တွင်တွင်ကျယ်ကျယ် ထောက်ခံရေးသားမှုများ မပြုလုပ်ကြသော်လည်း မြေပြင်တွင်မူ အားတက်သရော ထောက်ခံ စကားများ ပြောခဲ့ကြသည်။

ရှစ်လေးလုံး အရေးတော်ပုံကြီးက မွေးဖွားပေးလိုက်သူများ ဖြစ်သည့်တွက် ၎င်းတို့ထံ၌ လူထု တော်လှန်ရေး ဝိညာဉ်ကတော့ ချွတ်၍ မရခဲ့သေးပေ။ သန်းနှင့်ချီသည့် ပြည်သူများ၏ လူထုတော်လှန်ရေး တေးသီသံများကို အဆိုပါ နိုင်ငံရေး သမားကြီးများ လွန်ဆန်ဝံ့ခဲ့ခြင်း မရှိ။

သို့ဖြင့် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်သို့ ကူးပြောင်းသွားချိန်တွင်တော့ ကျောင်းတော်မှ ပါလာသည့် ရင်တွင်းမှဆူးအရ အဆိုပါ နိုင်ငံရေးသမားကြီးများသည် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းကို ဆက်လက်ဆွဲကိုင်ထားသည့် သဘောထားများကို ပြသခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့ကြတော့သည်။

ယခု နွေဦးတော်လှန်ရေးတွင် တော်လှန်ရေး တပ်ဦး အဖြစ် ရှိနေသည့် NUG အစိုးရကို ဦးဆောင်သူများသည် ၎င်းတို့ထက် နိုင်ငံရေး ဝါ ခြင်း မတူဟု နိုင်ငံရေး လူတတ်ကြီးများက ရှုမြင်ထားကြောင်း ၎င်းတို့၏ ဝေဖန်ပြောဆိုမှုများတွင် တွေ့ရလေ့ရှိသည်။

ရိုဟင်ဂျာ အရေးတွင်လည်း မျက်စိမှိတ် မထောက်ခံရန် ဆော်သြခဲ့သည့် နိုင်ငံရေး လူတတ်ကြီးများက NUG ခေါင်းဆောင်ပိုင်းအချို့၏ ထိုအချိန်က ပြောစကားများကို သရော်ခြင်းများ လည်းရှိသည်။ သို့သော် မြန်မာစစ်တပ်၏ အကြမ်းဖက်ရက်စက်မှုများကိုတော့ ခဲလုံးကျသည်ကိုသာ ပြောဆိုပြီး ခဲပစ်သူကို မဖော်ထုတ်ရဲခဲ့ကြ။

လက်နက်ကိုင်တော်လှန်ရေး အကျိုးဆက်အဖြစ် တစ်နိုင်ငံလုံး၌ စစ်ပွဲများဖြစ်လာခြင်းကိုလည်း ၎င်းတို့က ပြင်းထန်စွာ အပြစ်တင် ပြောဆိုကြသည်။

သို့သော် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြောဆိုခြင်းမူ ရှားပါးနေခဲ့ပြီး ရိပ်ဖမ်းသံဖမ်း ဝေဖန်ရေး စကားများတော့ ပြောဆိုလေ့ ရှိသည်ကိုလည်း တွေ့ရသည်။ ၎င်းတို့ ပြောလေ့ ပြောထ ရှိသည့် လက်သုံးစကားမှာ စစ်တပ်ထံမှ မည်သည့် အကျိုးစီးပွားကိုမျှ မယူထားဟူ၍ ဖြစ်သည်။

စစ်ဆန့်ကျင်ရေးသမား တစ်ဖြစ်လဲ နိုင်ငံရေး လူတတ်ကြီးများသည် စစ်အုပ်စုထံမှ အကျိုးစီးပွားပတ်သတ်ခြင်း မရှိဟူ၍ ယုံကြည်ရလောက်သည့် အခြေအနေမျိုး စုံစမ်း သိရသော်လည်း အကျိုးယုတ်အောင်လည်း မည်သို့မျှ ပြုလုပ်ခြင်း မရှိပေ။

၎င်းတို့သည် ရှစ်လေးလုံး အရေးတော်ပုံကာလမှ စ၍ စစ်အာဏာရှင်စနစ်၊ အာဏာရှင်စနစ်များကို မယိမ်းမယိုင် ဆန့်ကျင်တော်လှန်ခဲ့ကြသူများ ဖြစ်သော်လည်း ယခု နွေဦးတော်လှန်ရေးတွင်တော့ စစ်ကောင်စီ၏ ရက်စက်မှုများအပေါ်  ရဲရဲတောက် ဝေဖန်ခြင်းမျိုး မတွေ့ရတော့ပေ။
ရူဘီ စီးကရက်နှင့် မြန်မာဘီယာတို့ကို ငြင်းပယ်ကြသော်လည်း လက်နက်ကိုင်တော်လှန်ရေးကိုမူ ဆန့်ကျင်ကြသည်။ ထိုအချက်သည်ကား နိုင်ငံရေး လူတတ်ကြီးများထံတွင် တွေ့ရလေ့ရှိသည့် အချက်တစ်ချက် ဖြစ်သည်။

၎င်းတို့သည် စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်သူများထဲတွင် ပါဝင်ပြီး အသံတိတ်သပိတ် ကဲ့သို့ လူထုတိုက်ပွဲများတွင်လည်း တိတ်တိတ်ဆိတ်ဆိတ် ပါဝင်လေ့ရှိသည်။

လူသိထင်ရှား ထောက်ခံခြင်းမျိုး မရှိသော်လည်း လက်တွေ့ကျကျတော့ ထောက်ခံလိုစိတ် ပြင်းပြထားကြသည်။ ထို့အတူ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲ အပေါ်တွင်လည်း အယုံအကြည် ရှိခြင်း မရှိပေ။ အချို့ကတော့ စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ငါတို့ပါဝင်မှ ရပ်တည်နိုင်မည်ဟုဆိုကာ ပြည်သူ့ဆန္ဒအား ဖယ်ခွာထားသည်။

ကာလရှည် တော်လှန်သူများ ဖြစ်ခဲ့သည့် ဆိုခဲ့ပါ နိုင်ငံရေး သမားအချို့သည် ဒီမိုကရေစီဘက်တော်သား ဟန်အပြည့်ဖြင့် ရှိနေဟန် မြင်ရသည်။

သို့သော် ဟန်သာ ရှိတော့ပြီး စစ်အာဏာရှင် စနစ် သံသရာ မလည်စေရေး အတွက်တော့ ထိရောက်သည့် ဆန့်ကျင်မှုများ မတွေ့ရတော့ပေ။ တစ်ချိန်က စစ်ထောက်လှမ်းရေး ကို မမှုပဲ ဆန့်ကျင်ရဲခဲ့သူများသည် ယခု စစ်ကောင်စီ အပေါ်တော့ မက်လောက်စရာ ဆန့်ကျင်မှုမျိုး မတွေ့ရတော့ပေ။

၎င်းတို့သည် လက်ရှိ မြန်မာနိုင်ငံရေး အကျပ်အတည်းမှ ထွက်ပေါက်ဖြစ်နိုင်ချေ အချက်များ အားလုံး လိုလိုအား လက်ခံလိုခြင်း မရှိပေ။ လက်နက်ကိုင်တော်လှန်ရေးကို လည်း မထောက်ခံ၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကိုလည်း အယုံအကြည်မရှိ၊ အာဆီယံမူငါးချက်အားလည်း မနှစ်လိုကြပေ။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းထဲတွင် သခင်ကိုယ်တော်မှိုင်းသည်ပင်လျင် လက်နက်ကိုင်တော်လှန်ရေး ကို ကနဦး ထောက်ခံသူ ခေါင်းဆောင်များထဲတွင် ပါဝင်ခဲ့သည်။ တစ်ဖက်တွင်မူ ပါလီမန်ခေတ် ဖဆပလ ခေါင်းဆောင် ဦးနုသည် ဗြိတိသျှကိုရော ဖက်ဆစ်ဂျပန်ကိုပါ လက်နက်ကိုင်တော်လှန်ခြင်း လမ်းစဉ်အား လက်ကိုင်ထားခြင်း မရှိခဲ့ပေ။

ဦးနုသည် အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းကို ဆွဲကိုင်ခဲ့သူ တစ်ဦးအဖြစ် လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ရှားရှားပါးပါး ခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ( နောင်တွင် ဗိုလ်နေဝင်းကို လက်နက်ကိုင်တော်လှန်ခဲ့သဖြင့် ခေတ်ပြိုင် နိုင်ငံရေးသမားကြီး ဦးသိန်းဖေမြင့်က အဆိုပါ အချက်ကို ထောက်ပြပြီး ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားခဲ့ဖူးသည်)

သို့သော် ယူနီဂျက် အလံကို မီးတက်ရှို့ပြခဲ့ခြင်းမျိုး လုပ်ဆောင်ခဲ့သည့် ရဲရဲတောက် တော်လှန်ရေးသမားတစ်ဦးလည်း ဖြစ်သည်။ ဦးနု ကဲ့သို့ လုပ်ဆောင်မှုမျိုးကို ရှစ်လေးလုံး အရေးတော်ပုံအတွင်း နိုင်ငံရေး လူတတ်ကြီးများ လုပ်ဆောင်ခဲ့ဖူးသည်။ သို့သော် ယခု နွေဦးတော်လှန်ရေးတွင်တော့ အကြမ်းမဖက် လူထုသပိတ်များတွင်ပင် မြင်တွေ့ရခြင်းမရှိတော့သလို အကြမ်းမဖက် နိုင်ငံရေး နည်းလမ်းတစ်ခုခုဖြင့် တော်လှန်နေခြင်းမျိုးကိုလည်း မြင်တွေ့ရခြင်း မရှိတော့ပေ။

စစ်ပွဲများ၏ ဆိုးကျိုးများကို အစဉ်တစ်စိုက် ထုတ်ဖော်ပြီး လက်နက်ကိုင် လမ်းစဉ်ကို အမြဲတစ်စေ ဝေဖန်ပြစ်တင်နေသော်လည်း ၎င်းတို့သည် စစ်ဘေးရှောင်များအတွက် အကူအညီပေးရေးများကို ထဲထဲဝင်ဝင် လုပ်ဆောင်ခြင်းမျိုး ဝေးကွာနေဆဲ ဖြစ်သည်။

သူတို့ ယူဆပြောဆိုချက်များထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်သည်သာ ပထမဆုံး ထွက်ပေါက် အဖြစ် ရှုမြင်မှုမျိုးကို တွေ့ရလေ့ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ခေါင်းဆောင်များ အကြား ပြဿနာဖြစ်၍ ၎င်းတို့ အချင်းချင်း ပြေလည်သွားပါက အဆင်ပြေသွားနိုင်မည်ဟု သဘောထားမျိုးလည်း တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ခဲ့ကြဖူးပြီး သူ(မ)အား အားမနာတမ်း ဝေဖန်ထောက်ပြခဲ့သူများ ဖြစ်သည့် နိုင်ငံရေး လူတတ်ကြီးများသည် ယခု နိုင်ငံရေး အကျပ်အတည်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အလွဲအမှားများကြောင့် ဖြစ်လာရသည်ဟု အပြစ်တင်ကြရင်း ဖြေရှင်းပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို သာ မျှော်လင့်နေကြပြန်သည်။ ပြင်ပတွင်တော့ ငါတို့ မပြောခဲ့ဖူးလား ဖြစ်လာတော့မယ်ဆိုတာကို နားမှမထောင်တာဟု စစ်တပ်၏ အကျိုးစီးပွားကာကွယ်လိုမှုအား ထည့်သွင်း မထောက်ပြရဲဘဲ နေကြသည်။

အတိတ်က သမိုင်းကြောင်းကောင်းလှသည့် တော်လှန်ရေးသမားကြီးများသည် လက်ရှိတော်လှန်ရေးကာလတွင် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး တန်းတူညီမျှသည့် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေးဟူသည် ပင်မ နိုင်ငံရေး လမ်းစဉ် အကောင်အထည် ဖော်ရေး မည်သို့မျှ လက်တွေ့ကျကျ ပါဝင်လာခြင်း မရှိသေးပေ။

၎င်းတို့ တတ်မြောက်ထားသည့် နိုင်ငံရေး အသိဉာဏ် အတတ်ပညာ ဗဟုသုတ ကြွယ်ဝမှုများသည် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ် ဆောင်ရွက်နေသူများကို ဝေဖန်ပြစ်တင်ရာတွင်သာ အသုံးချနေခဲ့သည်။

 

“နှင်းမကွဲသေးဘူး နှင်းကွဲရင် အဖြေပေါ်မှာပါ”ဟု အကာကွယ်ယူစကားလုံးများဖြင့် သူတို့၏ ကျောင်းတော်မှ သစ်ခုတ်သမားရန်ငြိုးကိုလည်း ဖြေမပြေနိုင်အောင် ဖြစ်နေကြဟန်တူသည်။ နှင်းမြူများနောက်တွင် ပြည်သူများ သတ်ဖြတ်ခံနေရမှုများ တရားဥပဒေမဲ့ ကြုံတွေ့နေရမှုမျိုးကို သူတို့၏ နှင်းမြူများကြောင့် မြင်ဟန်မတူ။

၎င်းတို့ မေ့ထားသည့် အတိတ်သမိုင်းတစ်ခုရှိသည်။ ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ရာတွင် ကွန်မြူနစ်များနှင့် ဆိုရှယ်လစ်များ အတူလက်တွဲ တိုက်ခဲ့ကြသလို လယ်ယာ ယိမ်းသမားများကလည်း တသားတည်း ရှိနေခဲ့ကြသည်။

သို့သော် နိုင်ငံရေး လူတတ်ကြီးများကတော့ စစ်ကောင်စီ၊ အာဏာသိမ်း စကားလုံးများ မပါပဲ စစ်အာဏာရှင်လက်အောက်၌ နိုင်ငံရေး သမားများ၊ စစ်အုပ်စုကို မထောက်ခံသူများ အဖြစ် သတ္တိရှိရှိ ရပ်တည်နေသည်ဟု ပြောရင်း ရပ်တန့်နေခဲ့ကြသည်။

စစ်ကောင်စီထံမှ အကျိုးစီးပွား မယူသော်လည်း စစ်ကောင်စီ၏ အကျိုးစီးပွား ထိခိုက်စေရန်လည်း မည်သို့မျှ ပြုလုပ်ခြင်း မရှိသဖြင့် စစ်ကောင်စီကလည်း ၎င်းတို့အား မည်သို့မျှ ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်မည် မဟုတ်ပေ။

တော်လှန်သူများကို ဖိနှိပ်ရမည်မှာ အာဏာရှင်များ၏ ထုံးစံ ဖြစ်ပြီး အာဏာရှင်များကို တော်လှန်ရမည်မှာ စစ်မှန်သည့် နိုင်ငံရေးသမား တစ်ဦး ထားရှိရမည့် စံနှုန်းတစ်ခုဖြစ်သည်။ မတော်လှန်သူများသည် နှိမ်နင်းခြင်းကို မခံရသော်လည်း ဖိနှိပ်ခံရမည့်ထဲတွင်တော့ ချွင်းချက်အဖြစ် ရှိနေမည် မဟုတ်ပေ။

ငယ်ရွယ်သေးသည့် လူငယ်ကျောင်းသားများသည် ခေတ်ဝန်ကိုထမ်း၍ ယုံကြည်ရာ နည်းဖြင့် ခေတ်လမ်းကို လျှောက်နေကြချိန်တွင် နိုင်ငံရေး လူတတ်ကြီးများကတော့ ခေတ်ထဲတွင် စီးမျောနေလျက် ရှိနေခဲ့သည်။

စစ်အာဏာရှင် စနစ် အဆုံးသတ်ရေး ကျောချင်းကပ်ရမည့် အချိန်တွင် နိုင်ငံရေး လူတတ်ကြီးများသည် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် နွေဦးလိပ်ပြာကို ကျောခိုင်းထားလျက် ရှိနေဆဲပင် ဖြစ်သည်။

၎င်းတို့သည် မည်သည့်လမ်းကိုမျှ မလျှောက်သလို မည်သည့်လမ်းကိုမျှလမ်း မဖောက်ပဲ မည်သည့်လမ်းကို မည်သို့ ဖောက်ရမည်ဆိုသည်ကိုလည်း ထုတ်ဖော်ပြောဆိုကြခြင်း မရှိပေ။ ၎င်းတို့သည် ယုံကြည်ချက် အတိုင်း လမ်းသစ်ဖောက်နေသူများကို ဝေဖန်ပြစ်တင်ခြင်းဖြင့်သာ အချိန်ကုန်လျက်ဖြင့်………….။