မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီးရင်း ကြံရာပါ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို ထပ်မံဖမ်းဆီးရမိ

Author အောင်နိူင်သူ
Categories
Published on Sep 03, 2022

ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးရာ အမှုတွဲအဖြစ် ရဲတပ်ဖွဲ့ဝင်ခြောက်ဦးပါ ထပ်မံ ဖမ်းဆီးရမိခဲ့သည်ဟု အကျဥ်းဦးစီးနဲ့နီးစပ်သူများ ထံမှ သိရသည်။

ဗဟန်းနှင့် ရန်ကင်းမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူများကို သြဂုတ်လ ၂၈ ရက်က ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူက ရဲတပ်ဖွဲ့များသည် ၎င်းတို့အား ပိုက်ဆံယူ၍ ပြန်လွှတ်ပေးသည့်အတွက် ထပ်မံရောင်းချနေရခြင်းဖြစ်သည်ဟုထွက်ဆိုခဲ့၍ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ရှေနေတစ်ဦးက ပြောသည်။

“သူတို့က ဖမ်းခံရတဲ့သူတွေကို အရင်ကတည်းက ငွေယူပြီးပြန်လွှတ်နေတော့ အဲ့ဒီမှာတင် ရောင်းတဲ့သူတွေက အတင့်ရဲပြီး ဆက်ရောင်းနေတာ အခုအဖမ်းခံထားရတော့ ရဲတွေကိုပါ ဖော်လို့ ရဲတွေပါအဖမ်းခံရတာ”ဟု CJ Platform သို့ ပြောသည်။

မူးယစ်ဆေးဝါးများသည် ရန်ကုန်မြို့ မြို့နယ်အချို့ရှိ ရပ်ကွက်များတွင် ငွေကြေးနည်းပါးစွာဖြင့် လိုသလောက် ဝယ်ယူရရှိနေခြင်းမှာ ရဲတပ်ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှု့ကြောင့် ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အင်းစိန်တို့ လှိုင်သာယာတို့မှာဆို ပေါ်တင်ကိုရောင်းတာတစ်လုံး သုံးရာပဲရှိတယ် နိုင်ငံရေးသမားဆိုဖမ်းတယ် WYရောင်းတဲ့သူဆို ရဲက ဆရာပြန်ခေါ်နေတာ ရန်ကုန်က လုယက်မှုတွေ ဖြစ်နေတာလည်း ဒီမူးယစ်ဆေးဝါးကြောင့်”ဟုပြောသည်။

ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ဗဟန်းမြို့မရဲစခန်းနှင့် ကမာရွတ်ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ ရဲတပ်ဖွဲ့ဝင်ခြောက်ဦးကို စက်တင်ဘာလ ၁ ရက်နေ့က ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်သည်ဟု ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောသည်။

“သာမန်ရဲတပ်သားက တိုက်နဲ့ကားနဲ့ မြို့နယ်မှုးတွေ ခရိုင်မှုးတွေကအစ အရေးပေးနေတာ ရှာကျွေးနေတာလေ အဖမ်းခံရမှ ရဲတပ်သားတစ်ယောက် ငွေသိန်းရာချီပိုင်တာမြင်ဖူးတယ်”ဟု ပြောသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်ခြောက်ဦးသည် စစ်တပ်မှအာဏာ သိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းချသူများနှင့် ပူးပေါင်းကာ ရန်ကုန်တိုင်းအတွင်း ဖြန့်ချီရောင်းချနေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး ပိုင်ဆိုင်မှုများကိုလည်း စစ်တပ်က သိမ်းဆည်းထားသည်ဟု အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူတွေဆီက သိရသည်။