အခကြေးငွေ ပေးဆောင်ခြင်းဖြင့် အင်စတာဂရမ်နှင့် ဖေ့ဘွတ်တွင် Blue Mark ရရှိတော့မည်

Author ဇိမ်း
Categories
Published on Feb 20, 2023

 

Meta ၏ အမှုဆောင်ချုပ် မက်ခ်ဇူကာဘက်က ၎င်းတို့၏ ဝန်ဆောင်မှုအသစ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကြေညာလိုက်ပြီး အခကြေးငွေ ပေးဆောင်ခြင်းဖြင့် အင်စတာဂရမ်နှင့် ဖေ့ဘွတ်တွင် အပြာရောင်အမှတ်အသားဖြစ်သည့် (Blue Mark) များ ရရှိမည်ဟု အသိပေးလိုက်သည်။

အင်စတာဂရမ်နှင့် ဖေ့ဘွတ် အသုံးပြုသူများသည် လစဉ် အခကြေးငွေပေးဆောင်ခြင်းဖြင့် အပြာရောင်အမှတ်အသားဖြစ်သည့် (Blue Mark) ရရှိအောင် အတည်ပြု စာရင်းသွင်းနိုင်မည်ဖြစ်သည်။

Web ပေါ်တွင် အသုံးသူများအနေဖြင့် လစဉ်ကြေးအဖြစ် ဒေါ်လာ ၁၁.၉၉၊ iOS သမားများအနေဖြင့် ဒေါ်လာ ၁၄.၉၉ ဟုဆိုကာ ကွဲပြားသည့် လစဥ်ကြေးပေးဆောင်ပြီး Blue Mark ကို ရရှိနိုင်မည်လည်းဖြစ်သည်။

Blue Mark ရရှိလိုသူများအနေဖြင့် သက်ဆိုင်ရာ အစိုးရကထုတ်ပေးထားသည့် ID များ လိုအပ်မည်ဖြစ်ပြီး လျှောက်ခွင့်အတွက် အရည်အချင်းပြည့်မီရန် အသုံးပြုသူများအနေဖြင့် ၎င်းတို့ဘက်မှ တောင်းဆိုချက်များအပြင် အနည်းဆုံး အသက် ၁၈ နှစ် ပြည့်ရမည်ဖြစ်သည်။

လက်ရှိကြေညာခဲ့သည့် ဝန်ဆောင်မှုအနေဖြင့် သြစတြေးလျနှင့် နယူးဇီလန်တို့တွင် ယခုသီတင်းပတ်အတွင်း ရရှိမည်ဖြစ်ပြီး နောက်ထပ်နိုင်ငံများလည်း ဆက်လက်လာဦးမည်ဖြစ်သည်ဟု ဇူကာဘတ်က အသိပေးထားသည်။

ယခင်က Blue Mark ရရှိသူများအနေဖြင့် နိုင်ငံရေးသမားများ၊ သတင်းသမားများ၊ နာမည်ကျော် အနုပညာရှင်များနှင့် နာမည်ကြီးဆယ်လီအချို့သာ ရရှိခဲ့သော်လည်း လက်ရှိ Meta ဘက်မှ အသိပေးလာသည့် ဝန်ဆောင်မှုကြောင့် အခကြေးငွေပေးရုံဖြင့် Blue Mark များ ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဇူကာဘက်၏ ကြေညာချက်ကြောင့် ၎င်း၏ ဖေ့ဘွတ်လူမှုကွန်ရက်အကောင့်အောက်တွင် အသုံးပြုသူများက သုံးသပ်ချက်အမျိုးမျိုးပေးနေကြပြီး အငြင်းပွားမှုများလည်း ရှိနေသည်။ ကြေညာချက်ကို လက်မခံသည့် သူများက ပိုမိုများပြားနေသည်ကို တွေ့မြင်ရပြီး လှောင်ပြောင်မှုများလည်း ရှိနေသည်။

ဓာတ်ပုံ- Google
#CjPlatform #Facebook #BlueMark #နိုင်ငံတကာသတင်း