ဧရာဝတီတိုင်းအတွင်းရှိ ဘုရားများ၏ ဘွဲ့အမည် တည်သည့်ခုနှစ်နှင့် လှူဒါန်းသူ အမည်များအား ကောက်ယူထားရန် မင်းအောင်လှိုင် ညွှန်ကြား

Author စကားဝါ
Categories
Published on Feb 17, 2023

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ကျေးရွာများတွင် တည်ထားကိုးကွယ်သည့် ဘုရားစေတီများ၏ ဘွဲ့အမည် တည်သည့် ခုနှစ်နှင့် လှူဒါန်းသူ ဘုရားဒကာ၊ ဒကာမများ၏ အမည်များအား ကောက်ယူကာ ပြန်လည်တင်ပြရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ ညွှန်ကြားထားကြောင်း စစ်ကောင်စီလက်အောက်ခံ သာသနာရေးဝန်ကြီးဌာနရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။

 

ရှေးအစဉ်အဆက် တည်ထားကိုးကွယ်ထားသည့် ဘုရားစေတီများအပြင် ကျေးရွာများအလိုက် တည်ထားကိုးကွယ်နေသည့် ဘုရားစေတီအားလုံးအား ဘုရားများတည်နေရာ၊ ဘွဲ့အမည်၊ အလှူရှင်အမည်ကို အမည်စာရင်း ပုံများနှင့်တကွ စာရင်းပြုစု တင်ပြရန် ခိုင်းစေထားခြင်းဖြစ်ကြောင်း သိရသည်။

 

“ဘာလို့ကောက်ခိုင်းလဲဆိုတာတော့ မသိဘူး၊ ဒါတွေက အရင်ထဲက စာရင်းတွေက ရှိပါတယ်၊ ညွှန်ကြားချက်အရ အသစ်ထပ်ကောက်ယူရတာ၊ လူဦးစာရေးကောက်လို့ပြီးတော့ ဘုရားစာရင်းပါ ထပ်ကောက်ခိုင်းတဲ့ သဘောလား မသိဘူး”ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးမှ ပြောသည်။

 

ထို့အပြင် သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ထွေအုပ်စာရေးများမှ ဦးဆောင်ကာ အပတ်စဉ် ဘုရားများအား သန့်ရှင်းရေးလုပ်ဆောင်ရန်၊ ယင်းသို့ လုပ်ဆောင်နေမှုများအား ဓာတ်ပုံမှတ်တမ်းများနှင့်တကွ ပြန်လည်တင်ပြရန်လည်း ခိုင်းစေထားကြောင်း သိရသည်။

 

“သာသနာရေးက သိတဲ့အတိုင်းပဲ အရင်ထဲက တိုက်ပွဲမှာ ပြသနာဖြစ်တာ ရောဂါတွေ့လို့ဆိုပြီး ထွက်ရတဲ့ ဗိုလ်ကြီးဟောင်းတွေကို မြို့နယ်အဆင့် အရာရှိတွေအဖြစ် ပေးထားတာများတော့ သူတို့က နည်းနည်းထောင်တယ်လေ၊ အခုလဲ အထက်မိန့်ဆိုပြီး လုပ်ချင်ရာ လုပ်နေတာပဲ၊ ဘုန်းကြီးတွေ ဘွဲ့အတွက်တောင် သူတို့က ပိုက်ဆံယူပြီးရောင်းစားနေတာ”ဟု အဆိုပါ အမည်မဖော်လိုသူ ဝန်ထမ်းမှ ဆက်လက်ပြောကြားသည်။

 

ဖေဖေါ်ဝါရီလ လဆန်းပိုင်းအတွင်း မင်းအောင်လှိုင်၏ ဧရာဝတီခရီးစဉ်အပြီးတွင် ယင်းသို့ ညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်ပြီး ကောက်ယူထားပြီးသည့် အချက်အလက်များအား ဖေဖေါ်ဝါရီ မကုန်မှီ အပြီးအစီးပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။