အနောက်တောင်ဘက်မှ ရွေ့လျားလာသည့် တိမ်တိုက်များကြောင့် ရန်ကုန်နှင့် ရှမ်းပြည်နယ်တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး နေရာအချို့တွင် သစ်ပင်လဲခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့

Author လင်းခိုင်-ကိုပေါက်
Categories
Published on Feb 17, 2023

 

အနောက်တောင်ဘက်မှ ရွေ့လျားလာသည့် တိမ်တိုက်များကြောင့် ရန်ကုန်တွင် ယနေ့ နေ့လယ် ၁နာရီ မိနစ် ၂၀ ခန့်က အချိန်အခါမဟုတ် မိုးရွာသွန်းခဲ့ပြီး နေရာအချို့တွင် သစ်ပင်လဲမှုများဖြစ်ပွားခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အနောက်တောင်ဘက်က ရွေ့လျားဝင်ရောက်လာတဲ့ တိမ်တွေကြောင့် သူတို့ ဖြတ်သန်းရွေ့လျားရာလမ်းကြောင်း တစ်လျှောက် လေကြီး မိုးကြီး မိုးသီးကြွေ၊ ဓာတ်တိုင်လဲ တွေဖြစ်နေတယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ထိုကဲ့သို့ မိုးသည်းထန်မှုနှင့်အတူ လေပြင်းများတိုက်ခိုက်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ၂၉ ရပ်ကွက်တွင် သစ်ပင်လဲကျမှုဖြစ်ပေါ်ခဲ့ပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သမိန်ဗရမ်းလမ်းပေါ်တွင်လည်း သစ်ပင်ပြိုလဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

ယခု ရွာသွန်းခဲ့သည့် မိုးသည် အဖျက်မိုးဖြစ်သဖြင့် လယ်ယာ လုပ်ငန်းနှင့် နေလှမ်းဆား လုပ်ကိုင်သူများ အနေဖြင့် သတိပြုရမည် ဖြစ်သည်။

အဆိုပါ အချိန်အခါမဟုတ် ဖျက်မိုးသည် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် နေရာကျကျဲ ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းတို့တွင် ၂၄ နာရီအတွင်း နေရာကွက် မိုးရွာသွန်းနိုင်ကြောင်း ဝေဖြိုးဟန် လေကြောင်း မိုးလေဝသက ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

“မနက် အိမ်က ထွက်လာတော့ နေပူနေလို့ ထီးမယူလာတာ၊ မိုးရွာတာ ရေတွေတောင် ကားလမ်းကျော်တယ်။ မြောင်းတွေ ပိတ်နေတော့ ရေတက်လာတာ၊ မနေ့ကလဲရွာတယ်။ ဒီနေ့ရွာတာက ရေပါတယ်။ အခုထိရွာနေတုန်းပဲဟု” ရွှေပေါက်ကံ စက်မှုဇုန်နေသူတစ်ဦးက CJ Platform သို့ပြောကြားသည်။

ထို့ပြင် နောက် နှစ်ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးရွာသွန်းမှုများရပ်တန့်သွားပြီးနောက် နေ့အပူချိန်များ တဖြည်းဖြည်းတိုးလာမည်ဟု ဝေဖြိုးဟန် လေကြောင်းမိုးလေဝသက ဆိုသည်။

ထို့ပြင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်၊ ပင်းတယ၊ ပင်လောင်းမြို့နယ်များတွင် ယနေ့ မိုးရွာသွန်းမှုနှင့်အတူ မိုးသီးများ ကြွေကျခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

“ဒီနေ့ မိုးရွာပြီးတော့ မိုးသီးတွေက ကားလမ်းမမှာ ပြန့်ကျဲနေတာပဲ၊ အချို့ဆို ပုံးတွေနဲ့ လိုက်ကောက်ကျတယ်” ဟု ပင်လောင်းဒေသခံ တစ်ဦးက ပြောကြားသည်။

#CjPlatform #မိုးလေဝသသတင်း #အချိန်ခါမဟုတ်မိုးရွာ #မိုးသီး