ခင်ဦး၌ တောတောင်များထဲ တိမ်းရှောင်နေရသည့် စစ်ရှောင်တစ်သောင်းခွဲကျော် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေ

Author ခေတ်နီ
Categories
Published on Feb 17, 2023

 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများ၊ တိုက်ပွဲများကြောင့် တောတောင်များ အတွင်း စစ်ဘေးတိမ်းရှောင်နေရသည့် ဒေသခံ စစ်ဘေးရှောင် တစ်သောင်းခွဲကျော်သည် ရေမသန့်ရှင်းမှုများ ကြုံနေရသဖြင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အဖြစ်များနေကြောင်း စစ်ရှောင် ကူညီသူများက ပြောသည်။

စစ်အာဏာသိမ်းပြီးချိန် နောက်ပိုင်း ခင်ဦးမြို့နယ်အတွင်း ဖြစ်ပွားနေခဲ့သည့် တိုက်ပွဲများနှင့် စစ်ကောင်စီတပ်၏ စစ်ကြောင်း ထိုးမှုများကြောင့် သောင်းနှင့်ချီသည့် ဒေသခံများသည် စစ်ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင် နေထိုင် နေခဲ့ရသည်။

ဒေသခံ စစ်ရှောင်ကူညီသူများ၏ အတည်ပြုချက်အရ အဆိုပါတိုက်ပွဲများနှင့် စစ်ကြောင်းထိုးမှုများကြောင့် ခင်ဦးမြို့နယ် အတွင်း၌ ကျေးရွာပေါင်း ၆၆ ရွာထိ ပျက်စီးခဲ့ရပြီး ဒေသခံတစ်သောင်းကျော်သည် စစ်ဘေး တိမ်းရှောင်နေရသည်ဟု သိရသည်။

“ဒီမှာက တစ်သောင်းကျော်တယ် စစ်ရှောင်က၊ တချိူ့စစ်ရှောင် တွေက စစ်ကြောင်း ရွာကထွက်ရင်တော့ ရွာခြေပြန်ကပ်ကြတယ် တချို့ကတော့ တောတောင်တွေမှာပဲ ကျန်ခဲ့တယ် အဲ့လိုကျန်ခဲ့တဲ့သူတွေမှာက နေစရာသေချာမရှိကြဘူး တခါတလေ စစ်ကြောင်းတွေက ဒီအထိ ရောက်တာတွေပါရှိတယ် အဲ့ခါကြတော့လဲ ဘေးလွတ်ရာကို ထပ်ရွှေ့ကြပေါ့ အဲ့လိုပဲနေနေရတာ”ဟု ခင်ဦးမြို့နယ်အတွင်း စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များသည် စစ်ကြောင်းထိုး၊ တိုက်ပွဲများ ဖြစ်လာချိန် ရုတ်တရက် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သဖြင့် ၄င်းတို့သည် လုံလောက်သည့် စားနပ်ရိက္ခာများလည်း သယ်ယူလာနိုင်ခဲ့ခြင်းလည်း မရှိပေ။

ထို့ကြောင့် စစ်ရှောင်နေစဥ် ကာလအတွင်း ဒေသခံ စစ်ဘေးရှောင်များအနေဖြင့် နေထိုင်စားသောက်ရေး အခက်အခဲများကို ကြုံတွေ့နေရသည်။

ထို့ပြင် သောက်သုံးရေရှားပါးမှုနှင့် ရေသန့်ရှင်းစွာမရရှိမှုများကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါများလည်း အဖြစ် များလာကြောင်း သိရသည်။

” ဒီကျနော်တို့က စစ်ဘေးရှောင်စခန်းတွေမှာ ဆေးကုသမှုပါလုပ်နေရတယ် အခုအဖြစ်များတာက ဖျားတာနဲ့ ဝမ်းပျက်တာတွေပဲ တောထဲမှာရေမရတော့ သောက်သုံးရေကောင်းကောင်း မရတာကြောင့် ပါတာပေါ့ ၊ ဝမ်းပျက်တာက ကလေးတွေထက် လူကြီးတွေမှာပိုဖြစ်တယ် အသက်ကြီးပိုင်းတွေပေါ့”ဟု စစ်ရှောင် အရေးကူညီနေသူက ဆက်ပြောသည်။

စစ်ဘေးရှောင်များအတွက် ဒေသတွင်း အကူအညီပေးရေး အဖွဲ့များက ကျန်းမာရေးစောင့်ရှောက်မှုများ လုပ်ဆောင်ပေးနေသာ်လည်း လုံလောက်မှုမရှိသေးဘဲ စစ်ဘေးရှောင်များအတွက် ဆေးဝါးအကူအညီအပါအဝင် အခြားသော အရေးပေါ်အကူအညီများ လိုအပ်နေသေးကြောင်း သိရသည်။

မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar)၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ ထုတ်ပြန်သည့်စာရင်းများအရ စစ်ကိုင်းတိုင်းအတွင်းရှိ လူဦးရေ ၇ သိန်း ၉ သောင်းကျော်သည် စစ်ဘေးတိမ်းရှောင်နေပြီး အဆိုပါ ပမာဏမှာ စစ်ကိုင်းတိုင်းလူဦးရေ၏ ၁၅ ရာခိုင်နှုန်းထိ စစ်ဘေး ရှောင်နေရခြင်းလည်း ဖြစ်သည်။
#CjPlatform #စစ်ဘေးရှောင် #ဝမ်းရောဂါ #ခင်ဦးမြို့