စစ်တပ်သည် အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာမည်ဖြစ်သဖြင့် ကလေးငယ်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်ချက် မြင့်တက်နေဟု ဦးကျော်မိုးထွန်း ကုလအစည်းအဝေးတွင် တင်ပြ

Author မွန်လေး
Categories
Published on Feb 08, 2023

 

စစ်တပ်သည် အကြမ်းဖက်မှုများ ပိုမိုလုပ်ဆောင်လာမည်ဖြစ်သဖြင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်ချက် မြင့်တက်နေမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီ ၇ ရက်က နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သည့် UNICEF Executive Board ၏ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ် အစည်းအဝေးတွင် သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်သည် တိုင်းပြည်အာဏာလုယူပြီးနောက် မတရားဖမ်းဆီးထိန်းချုပ်ခြင်း၊ နေရပ်စွန့်ခွာစေမှု၊ ဓားစာခံ အဖြစ် ဖမ်းဆီးခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းစသည့် လုပ်ရပ်များတွင် ကလေးငယ်များလည်း ပါဝင်နေသည်ဟု သံအမတ်ကြီးက ဆိုသည်။

ဥပမာအားဖြင့် စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ကရင်နီပြည်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုနှင့် ရခိုင်ပြည်နယ်တွင် ကလေးငယ်တစ်ဦး၏ နာမည်ပေး အခမ်းအနားသို့ လေကြောင်းမှ တဆင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ် ၁၁ ဦးသေဆုံးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တစ်နှစ်အတွင်း စစ်တပ်မှ ကလေးငယ် ၁၆၅ ဦးကို သတ်ဖြတ်ခဲ့သည်ဟု သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

ထို့ပြင် စစ်တပ်သည် ကလေးငယ်များနှင့် စာသင်ကျောင်းများကို ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ရုံသာမက ကလေးငယ်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ငြင်းဆန်လျှက်ရှိကြောင်း၊ ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနှင့် ပညာသင်ကြားမှုတို့ကို အကန့်အသတ်ဖြင့်သာ ရရှိသောကြောင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများ အထူးလိုအပ်နေသည်ဟု သံအမတ်ကြီးက ပြောကြားခဲ့သည်။

စစ်တပ်သည် မကြာသေးမီက မြို့နယ် ၃၇ မြို့နယ်တွင် Martial Law ထုတ်ပြန်ခဲ့ရာ ထောက်ပံ့ကူညီမှု အစီအစဉ်များ ရောက်ရှိရေး ပိုမိုကန့်သတ်တားဆီးခံရနိုင်ချေရှိကြောင်း၊ စစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက် လုပ်ရပ်များကို ပိုမိုဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ကလေးငယ်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီ လိုအပ်ချက်မှာလည်း မြင့်တက်နေမည်ဖြစ်ကြောင်း သံအမတ်ကြီးက ဆိုသည်။

ထို့ကြောင့် စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေပြီး၊ စစ်အာဏာရှင် ချုပ်ငြိမ်းမှသာ မရောရာမှုများကို ကာကွယ်ပေးနိုင်မည်ဖြစ်သဖြင့် မိမိတို့ ကြိုးပမ်းအားထုတ်မှုများကို တက်နိုင်သည့် ဘက်မှ ဝိုင်းဝန်းကူညီပေးရန် သံအမတ်ကြီးက မေတ္တာရပ်ခံ တောင်းဆိုခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဦးကျော်မိုးထွန်း #လူသားချင်းစာနာထောက်ထားမှု