ဖက်ဒရယ် နှင့် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် လက်တွဲသွားမည်ဟု SSPP ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Feb 03, 2023

 

ဖက်ဒရယ်နှင့် ဒီမိုကရေစီ လိုလားသော အင်အားစုများနှင့် လက်တွဲသွားမည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) က ယနေ့ ထုတ်ပြန်ထားသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၏ တိုးချဲ့ဗဟိုကော်မတီ မျက်နှာစုံညီ နှစ်ချုပ်အစည်းအဝေးကို ဇန်နဝါရီ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁ ရက်နေ့အထိ ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်ငါးရပ်တွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီလိုလားသော အင်အားစုများနှင့် လက်တွဲကြိုးပမ်းသွားမည်ဟု ဆိုသည်။

“NUG မှမဟုတ်ဘူး ဖက်ဒရယ်နဲ့ ဒီမိုကရေစီလိုလားတဲ့ အဖွဲ့အားလုံးကိုကြိုဆိုတယ်။ စနစ်အရ ဖက်ဒရယ်ကို မသွားလို့ကိုမရဘူး ။ဒီမိုကရေစီကို ဘယ်သူလိုလားလဲ မလိုလားဘူးဆိုတာက ရှင်းပါတယ်။ ပြောချင်တာက ရှင်းလင်းတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို ပီပီပြင်ပြင် မတည်ဆောက်နိုင်ခဲ့လို့ အခုလိုဖြစ်နေတာ” ဟု SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က CJ Platform သို့ပြောကြားသည်။

SSPP ၏ထုတ်ပြန်ချက်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အလိုအပ်ဆုံးသောအရာသည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတညဆောက်နိုင်ရန်အတွက် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးပင်ဖြစ်ကြောင်း၊ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်ရန် ဖက်ဒရယ်နှင့် ဒီမိုကရေစီ လိုလားသည့် အင်အားစုများနှင့် လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာကျော်လွှားနိုင်ရေးနှင့် အနာဂတ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးသည် လူတစ်စု လူမျိုးတစ်တစ်မျိုးတည်း၏ မူပိုင်အရေးမဟုတ်ဘဲ လူမျိုးဘာသာမရွေး ပြည်ထောင်စု တိုင်းရင်းသားလူမျိုးတိုင်း၏ သမိုင်းပေးတာ၀န်ဖြစ်ပြီး စုပေါင်းတာ၀န်ယူ ဖြေရှင်းရမည်ဟု မူငါးချက်တွင် ရှင်းပြထားသည်။

ယင်းအပြင် နိုင်ငံရေးမငြိမ်သက်မှု၊ စီးပွားရေးကြပ်တည်းမှု၊ ကိုဗစ် ၁၉ ဖြစ်ပွားမှုတို့ကြောင့် ဆင်းရဲဒုက္ခနှင့် ကြုံတွေ့နေရသည့် ပြည်သူများ၏ လူမှုဘဝပြန်လည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းလမ်းရှာ စီမံဆောင်ရွက်သွားရမည်ဟု SSPP က ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး မူငါးချက်တွင် မူးယစ်ဆေးဝါး ကင်းစင်ပပျေက်ရေးအတွက် အသိပညာပေးခြင်း၊ တားဆီးနှိမ်နှင်းခြင်း လုပ်ငန်းများကို ပိုမိုကြပ်မတ်ဆောင်ရွက်မည်ဖြစ်ကာ၊ လူထုအကျိုးပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #SSPP #ဖက်ဒရယ်