ခင်ဦးတွင် ထန်းအရက် ချက်လုပ်ရောင်းချနေခြင်းကို ပအဖမှ ပိတ်ပင်လိုက်သည့်အတွက် ဒေသခံများ အခက်အခဲဖြစ်ပေါ်နေ

Author လင်းခိုင်
Categories
Published on Feb 03, 2023

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ထန်းအရက် ချက်လုပ်ရောင်းချနေခြင်းကို ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ပိတ်ပင်လိုက်သည့်အတွက် ဒေသခံအချို့ အခက်အခဲများ ဖြစ်ပေါ်နေကြောင်း CJ Platform မှ စုံစမ်းသိရှိရသည်။

ခင်ဦးမြို့နယ်တွင် မိုးရာသီကာလ၌ စစ်ကောင်စီမှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံအချို့သည် မိုးစပါးကို စိုက်ပျိုးနိုင်ခြင်းမရှိဘဲ၊ ထန်းတက်ခြင်းမှ ရရှိသည့် ထန်းရည်ကို ထန်းအရက် ချက်လုပ်ခြင်းဖြင့် ၀င်ငွေ ပြန်လည်ရှာဖွေနေခြင်း ဖြစ်သည်။

ထိုကဲ့သို့ ၀မ်းစာအတွက် ၀င်ငွေရှာဖွေမှုများ ပြုလုပ်နေသော်လည်း ခင်းဦးမြို့နယ်၌ အရက်သေစာ၊ ချက်လုပ် ရောင်းချခြင်းမပြုရဟု ခင်ဦးမြို့နယ် ပအဖမှ ဒေသန္တရ အမိန့် ထုတ်လုပ်ပြန်သည့်အတွက် ဒေသခံများ အခက်အခဲ ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။

“NUG က အမိန့်တော့မဟုတ်ဘူး။ တိုက်နယ်အတွင်းမှာ ရှိတဲ့ ပအဖက ဒေသန္တရအမိန့်ထုတ်လိုက်တာ၊ ရွာက ဟိုးဘိုးစဉ်ဘောင်ဆက်ထဲက ထန်းတက်ပြီးတော့ လုပ်ကိုင်စားသောက်ရတာ၊ ထန်းရည်ကို အရက်ပြန်ချက်ပြီးတော့ နွေရာသီမှာ လုပ်ငန်းမရှိတဲ့အတွက် ဒါကိုမှီခိုပြီးစားသောက်ရတာ” ဟု ခင်ဦးမြို့နယ်အတွင်းရှိ အမည်မဖော်လိုသည့် ကျေးရွာတစ်ခုမှ အသက် ငါးဆယ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

ဒေသန္တရ အမိန့်များသည် ဒေသနှင့် လိုက်လျောညီထွေမှုရှိရန်သာ ဆောင်ရွက်သင့်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ပအဖ၊ ပကဖများကို တင်ပြသော်လည်း ရေရာသေချာသည့် အကြောင်းပြချက်များ ရရှိခဲ့ခြင်းမရှိကြောင်း ခင်ဦးမြို့နယ် LPDF ဖြစ်သည့် Royal Tiger Guerrilla Force မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလို အမိန့်က ဇန်နဝါ ရီ ၃၁ ရက်နေ့က ရွာမှာ လာကပ်သွားတာ၊ အခုရပ်ကျေး ပအဖနဲ့ ပကဖက တိုက်နယ် ပအဖနဲ့ ပေါင်းပြီး ထုတ်တာ၊ တောသူတောင်သားတွေက ထန်းကရတဲ့ ထန်းရည်ကို ရောင်းပြီး အသက်မွေး၀မ်းကြောင်းပြုတာ၊ ဘယ်သူမှ မတိုင်ပင်ပဲနဲ့ လုပ်သွားတာ၊ အခုက အာဏာရှင်ကို တော်လှန်နေကြတဲ့သူတွေက အာဏာရှင်ပြန်ဖြစ်နေတာ။ မိုးစပါးမှာလည်း ကောင်းကောင်းမစိုက်ခဲ့ရဘူး။ စီးပွားရေးက အများကြီးဒုက္ခရောက်နေတဲ့အချိန်မှာ ထန်းအရက်ကို မရောင်းရဘူးဆိုတော့ ဘာနဲ့ လုပ်ကိုင်စားသောက်ရမှာလဲ၊ ဆန်အိုးထဲကိုရော ဆန်လာဖြည့်ပေးမှာလား” ဟု Royal Tiger Guerrilla Force မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

ခင်ဦးမြို့နယ်အတွင်း အရက် ၊ ထန်းရည်များကို လွန်လွန်ကြူးကြူး မရောင်းချရန် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။

အထက်ပါ ဖြစ်စဉ်နှင့် ခင်ဦးမြို့နယ် ပအဖ အား ယင်းတို့၏ Facebook Page စာမျက်နှာမှ တဆင့် ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ခင်ဦးမြို့ #ထန်းအရက် #ပအဖ