ချောက်မြို့ ခလရ ၁၃ တပ်ရင်း စစ်ကြောရေးစခန်းတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူတစ်ဦး ၂၄နာရီအတွင်း စစ်ကောင်စီလက်ချက်ဖြင့် အသက်ဆုံးပါးခဲ့ရ

Author ကိုပေါက်
Categories
Published on Feb 02, 2023

ချောက်မြို့နယ် အနောက်တောင်ဘက် ပျဥ်းမရပ်ရှိ အမှတ် ၁၃ခြေလျင်တပ်ရင်းတွင် ဖမ်းဆီးထားသူ တစ်ဦးကို စစ်ဆေးရာမှ ယနေ့ မနက်ပိုင်းတွင် သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

ခလရ ၁၃ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ယမန်နေ့ ညနေပိုင်းက ချောက်မြို့နယ် အမှတ် ၅ ရပ်ကွက်တွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးပြီး စစ်ကြောရေးတွင် စစ်ဆေးခဲ့ရင်း ယနေ့မနက်မှာ သေဆုံးသွားတာ ဖြစ်သည်ဟု
မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်ထဲက လူနာတင်ယာဥ်ထွက်လာတော့ ပစ်တာခတ်တာလည်းမရှိဘူး ဗုံးလည်းမပေါက်ဘူး ဆိုတော့ စုံစမ်းကြည့်တာ ဖမ်းလာတဲ့သူသေသွားတာ အဲ့ဒါကြောင့် ဆေးရုံကိုသွားပို့တာ”ဟု ပြောသည်။

သေဆုံးသူမှာ ဦးကျော်တင့်ဖြစ်ပြီး ယမန်နေ့ ညနေပိုင်းတွင် ချောက်မြို့နယ် အမှတ် ၅ ရပ်ကွက်၌ ဖမ်းဆီးခံခဲ့သူ တစ်ဦးဖြစ်သည်ဟု အမည်မဖော်လိုရဲအရာရှိတစ်ဦးက CJ Platform ကိုအတည်ပြုပြောသည်။

“ဒါနဲ့ဆို နှစ်ကြိမ်ရှိပြီ ၂၀၂၁ တုန်းကလည်း ဖြစ်သေးတယ် ညီအစ်ကို သုံးယောက်ဖမ်းသွားတာ တစ်ယောက် သေသွားတယ် ခလရ ၁၃ ထဲမှာပဲ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကြောရေးတွင် သေဆုံးခဲ့သည့် ဦးကျော်တင့်ကိစ္စနှင့် ပတ်သက်၍ မိသားစုများကို စစ်တပ်မှ
အကြောင်းကြားခြင်း မရှိကြောင်း မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ကျနော်တို့ သိသလောက်တော့ အကြောင်းမကြားဘူးလို့ကြားတယ် ရပ်ကွက်က ရဲဘက်က အကြောင်းကြားရင်တော့ မသိဘူး”ဟု ပြောသည်။

အမှတ် ၁၃ ခြေလျင်တပ်ရင်းမှ ဦးကျော်တင့် သေဆုံးမှုနှင့် ပတ်သက်၍ နှလုံးရောဂါအခံဖြင့် သေဆုံးသည်ဟု ဌာနဆိုင်ရာကို တင်ပြခဲ့သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူများ ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၁ ရက်ညပိုင်းက ချောက်မြို့နယ် ဂွေးပင်ကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ်များကို ထောက်ပံ့သည်ဟုဆိုကာ ကိုဖြိုးဝေထွန်း၊ ကိုဘုန်းဝေထွန်း၊ ကိုရှိုးဝေထွန်းတို့ ညီအစ်ကိုသုံးဦးကို ခလရ ၁၃ က ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကိုဖြိုးဝေထွန်း သေဆုံးခဲ့သည့် ဖြစ်စဥ်လည်း ရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ချောက်မြို့ #စစ်ကြောရေး #ခလရ၁၃