နေပြည်တော်ရှိ ကိုယ်ပိုင်ကျောင်းတစ်ခုတွင် ကျောင်းသူတစ်ဦး ခုန်ချသေဆုံးမှု ဖြစ်ပွါးခဲ့ပြီး သွားရောက်ကယ်ဆယ်သည့် ဆရာပါသေဆုံးခဲ့

Author ခေတ်နီ
Categories
Published on Feb 02, 2023

 

နေပြည်တော် ၊ပုဗ္ဗသီရိမြို့နယ်ရှိ ကိုယ်ပိုင် အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းခေါင်မိုးထပ်ပေါ်မှ ကျောင်းသူတစ်ဦး ခုန်ချသေဆုံးခဲ့ပြီး ၎င်းအား ကယ်ဆယ်ခဲ့သည့် ကျောင်းဆရာတစ်ဦးပါ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ဒေသခံ နာရေးကူညီမှုအသင်းထံမှ သိရသည်

ပုဗ္ဗသီရီမြို့နယ် မင်္ဂလာဒီပရပ်ကွက်ရှိ ‘ခေတ်ရှေ့ဆောင်’ကိုယ်ပိုင် အထက်တန်းကျောင်းမှာ ယမန်နေ့ ဖေဖော်ဝါရီ ၁ရက် ညနေပိုင်း ၄ နာရီ ခွဲဝန်းကျင်ခန့်မှာ ကျောင်း ခေါင်မိုးပေါ်မှ ကျောင်းသူတဦး ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တာပဲဖြစ်ပြီး ထိုကျောင်းသူ ခုန်ချချိန်တွင် လိုက်လံကယ်ဆယ်သည့် ကျောင်းဆရာတစ်ဦးပါ ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

ယခုလို ခုန်ချသေဆုံးသူသည် အဆိုပါကျောင်းမှ အသက်(၁၅)နှစ်အရွယ် Grade-10 ကျောင်းသူ မ (—-) ဖြစ်ပြီး ၎င်းကို လိုက်လံကယ်ဆယ်ရင်း သေဆုံးခဲ့သည့် ကျောင်းဆရာမှာ အဆိုပါကျောင်းမှ ကွန်ပျူတာ သင်ကြားပေးနေသည့် အသက်(၂၂)နှစ်အရွယ် ဆရာ ဦး—– ဖြစ်ကြောင်း သိရသည်။

ယခုလို ခုန်ချသေဆုံးခဲ့တာကြောင့် အဆိုပါကျောင်းသူ မ_______သည် ဝဲမျက်လုံး ဖူးယောင်ပေါက်ပြဲ ၊ပါးစပ်သွေးထွက်၊ ဝဲတံတောင်ဖူးယောင် ၊ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာများ ရရှိခဲ့ကာ ဆေးကုသနေစဥ် သေဆုံးခဲ့ပြီး ကျောင်းဆရာဖြစ်သူသည်လည်း နှာခေါင်းသွေးထွက် ဒဏ်ရာပါးစပ်သွေးထွက်ကာ လည်ပင်းရိုးကျိုးဒဏ်ရာများနှင့် သေဆုံးသွားခဲ့တာပဲ ဖြစ်သည်။

“ကောင်မလေးက အဲ့ခေါင်မိုးထပ် ပေ၆၀လောက် မြင့်တယ် အဲ့တာကိုတက်ပြီး ခုန်ချဖို့လုပ်တယ်ပေါ့ အဲ့ဒါကိုဆရာလေးက ကယ်ဖို့လုပ်တာ အဲ့မှာ ၂ ယောက်လုံးပြုတ်ကျသွားတာ၊ လက်ရှိတော့ ရဲကိစ္စလေးတွေ ရှင်းနေရတယ် နာရေးကိစ္စတွေကတော့ သူတို့မိသားစုတွေက လုပ်မယ်ပေါ့၊ DBတွေကတော့ အစ်ကိုတို့ အသင်းတွေက ကူပေးရတာပေါ့၊ သူတို့ ၂ ယောက်က သေဆုံးချိန်တော့ ကွာတယ် ဆရာလေးက ဆေးရုံပို့နေရင်း ဆုံးတယ်၊ ကောင်မလေးကတော့ ICUထဲရောက်တယ်၊ ဒါပေမယ့် ဒဏ်ရာက ပြင်းတော့ သူလဲဆုံးသွားတယ်”ဟု သဗ္ဗသုခနာရေးကူညီမှု အသင်း ဥက္ကဌဖြစ်သူက ပြောသည်။

လက်ရှိမှာတော့ သေဆုံးခဲ့သူနှစ်ဦး၏ ရုပ်အလောင်းအား ရင်ခွဲရုံတွင် ပို့ဆောင်ထားပြီး ဖြစ်ကြောင်းနှင့် ကျောင်းသူအား လိုက်လံကယ်တင်ရင်း ဆုံးပါးခဲ့သူ ကျောင်းဆရာ ဦး_____ သည်၎ င်း၏ပတ်ဝန်းကျင်တွင် စိတ်ထားကောင်းကာ ကူညီတတ်သူဖြစ်တာကြောင့် သေဆုံးမှုအပေါ် ဝမ်းနည်းပူဆွေးရကြောင်း ၎င်း၏မိတ်ဆွေများထံမှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #နေပြည်တော် #ကိုယ်ပိုင်ကျောင်း