စစ်သုံးစစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်သူ့ဒီမိုကရေစီအတွက် ဆက်လက်တော်လှန် ဆန့်ကျင်သွားမည်ဟု ဧရာ၀တီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ ပူးတွဲထုတ်ပြန်

Author လင်းခိုင်
Categories
Published on Feb 02, 2023

 

စစ်သုံးစစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်သူ့ဒီမိုကရေစီအတွက် ဆက်လက် တော်လှန်ဆန့်ကျင်သွားမည်ဟု ဧရာ၀တီတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့ ၁၀ ဖွဲ့ က ဖေဖော်ဝါရီ ၁ ရက်တွင် ပူးတွဲ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် စစ်ကောင်စီသည် တိုင်းပြည်အာဏာကို ခိုးယူသိမ်းပိုက်ခဲ့သည်မှာ ၂ နှစ်ပြည့်ပြီဖြစ်ကြောင်း၊ အာဏာသိမ်းမှုအပြီး သန်းနှင့်ချီသော လူမျိုးပေါင်းစုံ လူထုတစ်ရပ်လုံးအား ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်း၊ ကျေးရွာများ၊ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများကဲ့သို့ စစ်ရာဇ၀တ်မှုများကို ဆက်တိုက်ကျူးလွန်ခဲ့သည်ဟု ဖော်ပြထားသည်။

“စစ်တပ်အာဏာသိမ်းတာ ၂ နှစ်ပြည့်ပေမယ့် ပြည်သူလူထုက သွေးမအေးပဲ ဆက်လက်တော်လှန်ဆဲဖြစ်ပါတယ်။ ဖက်ဆစ်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲမှာ ပါ၀င် ပတ်သက်တဲ့ မည်သူမဆို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ပြီး ရန်သူအဖြစ် တတန်းတည်းထားသတ်မှတ်ချေမှုန်းသွားမှာဖြစ်ပါတယ်” ဟု Ayeyarwaddy Youth’s Union ဒုတိယဥက္ကဌက ပြောကြားသည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ရရာနည်းဖြင့် ဆန့်ကျင်တွန်းလှန်သွားမည်ဖြစ်ကာ ဖက်စစ်စစ်အုပ်စုနှင့် ပူးပေါင်းသူမှန်သမျှအား လူထုသစ္စာဖောက်အဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ထုတ်ပြန်ချက်က စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ၊ စစ်သားနဲ့ သတင်းပေးသစ္စာဖောက်ဒလန်တွေကိုလည်း လူထုသစ္စာဖောက် လူထုရန်သူအဖြစ် သတ်မှတ်ပြီး ဖက်ဆစ်စစ်အုပ်စုနဲ့ အတူ ဆန့်ကျင်တိုက်ခိုက်သွားမှာ ဆိုပြီး သတိပေးခြင်းလည်းဖြစ်ပါတယ်” ဟု ဒုဥက္ကဌက ပြောကြားသည်။

မည်သည့် အခြေအနေတွင်မဆို စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီယန္တရားစသည့် စစ်သုံးဆစ်အမြစ်မပြတ်သမျှ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီကို တည်ဆောက်နိုင်မည်မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်သုံးစစ်ကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်သူ့ဒီမိုကရေစီအတွက် ဆက်လက်တော်လှန်ဆန့်ကျင်သွားမည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဧရာဝတီတိုင်း #ထုတ်ပြန်ချက်