မြန်မာစစ်တပ်အား လေယာဉ်ဆီ တင်သွင်းပေးနေမှုကို ကနေဒါပိတ်ပင် စစ်တပ်အရာရှိ ၆ ဦးအား ဒဏ်ခတ်အရေးယူ

Author လင်းခိုင်
Categories
Published on Feb 01, 2023

 

မြန်မာစစ်တပ်အား လေယာဉ်ဆီတင်သွင်းပေးနေမှုကို ကနေဒါက ပိတ်ပင်ခဲ့ပြီး၊ စစ်တပ်အရာရှိ ၆ ဦးအား ဒဏ်ခတ်အရေးယူကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ဇန်နဝါရီ ၃၁ ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။

မြန်မာစစ်တပ် အာဏာသိမ်းမှု ၂ နှစ်မြောက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးစီးပွားရေး စည်းမျဉ်းစည်းကမ်းများဖြင့် လူပုဂ္ဂိုလ်ခြောက်ဦးကို အမည်ပျက်စာရင်းသွင်းခဲ့ပြီး၊ စစ်တပ်ထဲ လေယာဉ်ဆီတင်သွင်းခြင်း၊ ရောင်းချခြင်း၊ ပံ့ပိုးပေးခြင်းများကို ကနေဒါနိုင်ငံက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ကနေဒါနိုင်ငံမှ အမည်ပျက်စာရင်းသွင်းခဲ့သူ ခြောက်ဦးသည် ပဲခူးတိုင်း တိုင်းမှူးထိန်ဝင်း၊ ရခိုင်တိုင်းမှူး ထင်လတ်ဦး၊ စစ်ကိုင်းတိုင်း တိုင်းမှူးဟောင်း သန်းထိုက်၊ ရန်ကုန်တိုင်းမှူး ညွန့်ဝင်းဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြတ်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံတို့ ဖြစ်သည်။

၂ နှစ်တာကာလအတွင်း စစ်တပ်သည် ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ တိုးတက်မှု ဖြစ်စဉ်ကို လုံး၀ နောက်ကြောင်းပြန်လှည့်လိုက်ပြီး နိုင်ငံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ကျရောက်ခဲ့ပြီး ထောင်ပေါင်းများစွာသော အမျိုးသား၊ အမျိုးသမီးနှင့် ကလေးများကို သတ်ဖြတ်ခဲ့ကြောင်း ကနေဒါသံရုံးက ဆိုသည်။

ထို့ပြင် လူထောင်ပေါင်းများစွာကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး လူဦးရေ တစ်သန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း၊ မြန်မာနိုင်ငံတွင် အကျပ်အတည်းသည် ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်း တည်ငြိမ်မှုကိုပါ ထိခိုက်စေသည်ဟု ကနေသံရုံးက ထောက်ပြထားသည်။

“လွန်ခဲ့တဲ့ ၂ နှစ်တာကာလမှာ မြန်မာပြည်သူတွေဟာ ပြောမပြနိုင်လောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရင်ဆိုင်ခဲ့ကြရမှာ အံ့သြဖွယ်ကောင်းလောက်အောင် ကြံ့ကြံ့ခံနိုင်မှုကို ပြသခဲ့ တယ်။ နိုင်ငံတွေအားလုံးကိုလည်း အလားတူ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တိုက်တွန်းလိုပါတယ်။ မြန်မာပြည်သူတွေအတွက် စစ်မှန်ပြီး အားလုံးပါဝင်တဲ့ ဒီမိုကရေစီ ရရှိဖို့ စစ်တပ်ကို ဖိအားပေးသွားမှာပါ” ဟု ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး Me’lanir Joly ကပြောကြားသည်။

ယခု ပိတ်ဆို့အရေးယူမှုသည် ဗြိတိန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာ မိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ကနေဒါနိုင်ငံမှ ယခုကဲ့သို့ အရေးယူမှုသည် စစ်တပ်မှ အရပ်သားများအပေါ် လေကြောင်းမှ ပစ်မှတ်တိုက်ခိုက်မှုများကို တိုက်ရိုက်တုန့်ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းခြင်း ၂ နှစ်ပြည့်ကာလတွင် ကနေဒါနိုင်ငံက မြန်မာပြည်သူများ၏ ဒီမိုကရေစီနည်းလမ်းကျသော လူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာရေး မျှော်မှန်းချက်များနှင့် ဒီမိုကရေစီနည်းလမ်းကျသော၊ ငြိမ်းချမ်းသေား၊ အားလုံးပါဝင်သော မြန်မာနိုင်ငံတော် ပြန်လည် ရောက်ရှိစေရေးအတွက် ကြိုးပမ်းနေသည့် ဒီမိုကရေစီ လှုပ်ရှားသူများအပေါ် ဆက်လက်အားပေး ထောက်ခံနေကြောင်း ကနေဒါသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လေယာဉ်ဆီ #ကနေဒါ #ပိတ်ဆို့မှု #လေကြောင်းတိုက်ခိုက်မှု #စစ်ကောင်စီ