လက်လုပ်သေနတ် အများစုဖြင့် တိုက်ခိုက်ခဲ့သည့် ၀က်လက်မြို့ ခုနှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး PDF ၆ ဦးကျဆုံးခဲ့

Author လင်းခိုင်
Categories
Published on Jan 26, 2023

လက်လုပ်သေနတ်အများစုဖြင့် တိုက်ခိုက်ခဲ့သည့် ၀က်လက်မြို့ ခုနှစ်ရက်တာ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး သေဆုံးခဲ့ပြီး PDF ၆ ဦးကျဆုံးခဲ့ကြောင်း People’s Army to Fight Dicatorship အဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ ယနေ့တွင် ပြောကြားသည်။

ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အတွင်း ၀က်လက်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒစ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များဘက်မှ ၆ ဦးကျဆုံးခဲ့ပြီး ၊ ၂ ဦး ဖမ်းဆီးခံခဲ့ရကာ ၊ ၂ဦး ဒဏ်ရာရရှိခဲ့သည်။

“ကျွန်တော်တို့ မြို့ပေါ်ကို စီးထားတဲ့အခါ သူတို့က မြို့ပြင်ကနေပတ်ပြီးတော့ စစ်ကြောင်းထိုးတယ်။ ရွာတွေကို စစ်ကြောင်းထိုးတယ်။ ကျွန်တော်တို့ ရဲဘော်တွေကျသွားတာက မူးကြီးရွာကို မီးရှို့နေတဲ့ အချိန်တွင်းမှာ တပ်စိတ် တစ်စိတ်ကနေပြီးတော့ မူးကြီးဘက်ကို သွားတဲ့အချိန် အပြန်အလှန်ပစ်ခတ်ချိန်မှာ ကျတာပါ၊ သူတို့ကဘက်က အဲ့ဒီအချိန်မှာ တစ်ယောက်ကျတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

၀က်လက်မြို့ ခုနှစ်ရက်တာတိုက်ပွဲအတွင်း PDF ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များအနေဖြင့် မောင်းပြန်သေနတ် အနည်းငယ်သာပါရှိပြီး အများစုသည် လက်လုပ်သေနတ်များဖြင့် စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

“ခုနှစ်ရက်တာ တိုက်ပွဲမှာ ၀က်လက်မြို့ရဲက ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို ၀င်ရောက်စီးနင်းနိုင်ခဲ့တယ်။ ခွေးတွေရဲ့ လက်နက်တော့ မရခဲ့ဘူး။ ကျွန်တော်တို့တွေက မောင်းပြန်သေနတ် အနည်းငယ်ပဲရှိပြီး၊ အများစုက လက်လုပ်သေနတ်တွေနဲ့ တိုက်ခိုက်ခဲ့တာ” ဟု ဗိုလ်တေဇကပြောကြားသည်။

အဆိုပါတိုက်ပွဲတွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနကို ၀င်ရောက်စီးနင်းစဉ် ရရှိခဲ့သည့် Laptop Computer နှစ်လုံးနှင့် အချက်အလက်များရရှိခဲ့ပြီး အဆိုပါ အချက်အလက်များကို NUG ကာကွယ်ရေး၀န်ကြီးဌာနသို့ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုစစ်ဆင်ရေးအား People’s Army to Fight Dicatorship တပ်ခွဲမှ ဗိုလ်လှိုင်ဘွားဦးဆောင်ပြီး၊ တပ်စိတ် ၁ ပျံလွှားအဖွဲ့၊ တပ်စိတ် ၂ ခွပ်ဒေါင်းအဖွဲ့၊ တပ်စိတ် ၃ ဇာမဏီအဖွဲ့၊ တပ်စိတ် ၄ ငရဲမီးအဖွဲ့နှင့် DKPDF-MMU မဟာမိတ်အဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။