နွေဦးတော်လှန်ရေး အောင်သွားရင် ဆိုက်ကားရောင်းပြီး အောင်ပွဲခံမယ်


ကိုမိုးညို(အမည်လွှဲ)က ရန်ကုန်မြို့က အနှေးယာဉ် လုပ်သား တစ်ယောက်၊ အရပ်စကားနဲ့ ဆိုရင် ဆိုက်ကား သမားလေး တစ်ယောက်ပေါ့။ အသက်က နှစ်ဆယ့်ငါးနှစ် ကျော်လောက်ပဲ ရှိဦးမယ်။ သူက ဆိုက်ကားနင်းနေရပေမယ့် ခေတ်နဲ့ အဆက်သွယ် မပြတ်သူ။

ပြောရရင် ခေတ်မှီ တယ်လို့ ပြောလို့ ရတဲ့သူ တစ်ဦးပေါ့။ ရုရှားက ယူကရိန်းကို အနိုင်ကျင့်ပြီး ကျူးကျော် တယ်လို့လည်း သူက မြင်တယ်။ တရုတ်နိုင်ငံက အာဏာသိမ်း စစ်ကောင်စီကို ခပ်ခွာခွာ လုပ်လာတာကိုလည်း သူသိတယ်။

“ သူ ဆရာတင်ထားတဲ့ ပူတင်ကလည်း ယူကရိန်းမှာ စစ်ရှုံး သလိုဖြစ်နေတော့ သူ့အပူနဲ့သူ တိုင်ပတ်နေပြီ။ တရုတ်ကလည်း သူ့ကို သိပ်အဖတ် မလုပ်တော့ဘူး။ ကျွန်တော်တို့ နည်းနည်းတော့ သာလာပါပြီဗျာ” လို့ သူက ဆိုက်ကားကို အားကြိုးမာန်တက် နင်းချလိုက်ရင်း ဆိုပါတယ်။

ကိုမိုးညို(အမည်လွှဲ) ဒီကနေ့ မနက် အမျိုးသမီးကြီး တစ်ယောက်က ငှားစီးတော့ အဲ့ဒီ အမျိုးသမီးကြီးက ကုန်စိမ်းသည်တဲ့။ ဆိုက်ကားခ ခုနှစ်ရာ ပေးရမှာကို ငါးရာပဲ ပါတယ်။ နှစ်ရာ ဖိုး ဘူးသီးတစ်စိတ် ပေးလိုက်တယ်။

ကိုမိုးညိုကတော့ ခပ်ပြုံးပြုံးပါပဲ။ သူခိုးကြီးည လိုမျိုးသာဆို ကြက်သားပြေးဝယ်ပြီး ရောချက်စားမယ်တဲ့။ အခုတော့ ဟင်းခါးပဲ ချက်သောက် လေပြီလားတော့ ကိုမိုးညိုပဲ သိမှာပါပဲ။

“ ဘူးသီးက နုနုလေး။ တန်တယ်ဗျ။ နှစ်ရာ ဖိုးဝယ်ရင် ဒီလောက်မများဘူး။” လို့ ကိုမိုးညိုက ဆိုက်ကား ခုံမှာ ချိတ်ထားတဲ့ ဘူးသီး တစ်စိတ်ကို တစ်ချက် လှည့်ကြည့်ရင်း ပြောပါတယ်။

ဆက်ပြီး သူက “ ကျွန်တော် မွန်းကြပ်တယ်ဗျာ။ အရင်ကဆို ဆန္ဒပြရင်း အော်တာ။ ပွင့်ထွက်သွားတာပဲ။ အခုတော့ မအော်ရဲဘူး။ ဒီကောင်တွေက ရိုက်နှက် နှိပ်စက်တာ။ ကိုယ်တွေက ဘာမှ ပြန်မလုပ်နိုင်ဘူး။” လို့ ရင်ဖွင့်ပြန်ပါတယ်။

ဒါပေမယ့် ကိုမိုးညိုက Generation Z တွေကို အားကိုး ပုံပါပဲ။ G-Z တွေ သတ္တိရှိကြောင်း၊ တော်ကြောင်း သူက မမော တမ်း ချီးကျူးပါတယ်။ ကိုမိုးညိုကို ကြည့်ရတာ နေပူကြီးထဲ ဆိုက်ကားနင်းရလို့ ချွေးစို့နေပေမယ့် G-Z တွေ အကြောင်း ပြောတော့ အားတက်သွားသလိုပဲ။

မတ်တတ်ရပ်ပြီး ဆိုက်ကားကို ခပ်မြန်မြန် နင်းချလိုက်ပြန်တယ်။ ပြီးတော့ သူက

“ အင်္ဂလိပ် အက္ခရာမှာ Z ပြီးရင် ဘာမှ မရှိတော့ဘူး။ Z က နောက်ဆုံးပဲ။ ဂျန်ဇီးတွေကလည်း ကျွန်တော်တို့ နိုင်ငံ အနာဂါတ် အတွက် အဆုံးအဖြတ် ပေးမယ့် နောက်ဆုံး မျိုးဆက်ပဲ။ သူတို့ နိုင်ရင် ကျွန်တော်တို့ အနာဂါတ် လှမယ်” လို့ ယုံကြည်ချက် အပြည့်နဲ့ ပြောလိုက် ပြန်ပါတယ်။

ကိုမိုးညိုက တိုက်ပွဲ သတင်းတွေကိုလည်း အဆက်အသွယ် ပြတ် မနေပြန်ပါဘူး။ ကော့ကရိတ်၊ ဝေါလေ၊ လေးကေ့ကော် ဘက်က တိုက်ပွဲ တွေ ဆက်တိုက် ဖြစ်နေတဲ့ အကြောင်းကိုလည်း သေသေချာချာ ပြောပြနေပါသေးတယ်။

နယ်မြေကျွမ်းတဲ့ ကိုမိုးညိုက စစ်ကောင်စီ တပ်သားတွေ စခန်းချတတ်တဲ့ နေရာ ရောက်တော့ ပြောလက်စ စကားကို ခဏ ရပ်ပြီး။ ဆိုက်ကားကို ဟန် မပြတ် နင်းသွားပါတယ်။

ပြီးမှ “ ဒီနေရာက ဟိုကောင်တွေ ရှိတယ်။ ဒီကောင်တွေက မြေခွေးတွေလိုပဲ။ အုပ်နဲ့မှ ခြောက်ရဲတာ။ ဘယ်တော့မှ တစ်ကောင်တည်း မနေဘူး။ ကျွန်တော်တို့ ကလေး တွေက ဘယ်နေရာ က မှန်းမသိ ပေါ်လာတာ။ ဒီကောင်တွေ ကြောက်နေရော့မယ်။ “ လို့ တီးတိုး ပြောပါတယ်။

ဂျန်ဇီး တွေကို အားကိုးပေမယ့်လည်း ကိုမိုးညိုက ကြယ်တွေ ကြွေရတာကို တော့ ရင်ထဲ နာကျင်နေခဲ့တာပါ။ ဆယ်သက် တစ်သက် မလဲနိုင်ဘူးလို့ လည်း သူက ယူဆပါတယ်။

“ ကျွန်တော်တို့ ဂျန်ဇီး တွေက ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ ပညာတတ်တွေ။ ဒီကောင်တွေက စာမတတ် ပေမတတ် တွေ။ သူတို့ ဆယ်ယောက် အသက်နဲ့ ကျွန်တော်တို့ ကလေး တစ်ယောက် အသက်မလဲနိုင်ဘူး။ ဘာမှ မဆိုင်ဘူး။ တန်ဖိုးချင်း အဆမတန် ကွာတယ်။ “ လို့ ကိုမိုးညိုက နာကျင် အက်ကွဲနေတဲ့ အသံနဲ့ ပြောပြပါတယ်။

နွေဦးရောင်ခြည်ကို မျှော်လင့်နေတဲ့ ကိုမိုးညို တစ်ယောက် အခုအချိန်တော့ စားဝတ်နေရေးနဲ့ ရုန်းကန်နေရပါတယ်။ ဆန်တစ်ပြည် ကျပ်သုံးထောင်လောက် ဖြစ်လာတာကိုလည်း ကိုမိုးညိုက စိတ်ညစ်နေတဲ့ ပုံနဲ့ ပြောနေပြန်ပါတယ်။

ဒီလို ကျပ်တည်းနေပေမယ့် စစ်တပ် ထုတ်ကုန် Red Ruby တို့ အက်ဒမ် ဂိုးလ် တို့တော့ သူလုံး၀ မသောက်ပါဘူး။ အလကားပေးရင်တောင် မသောက်ပဲ ငြင်းပစ်ကြောင်း ကိုမိုးညိုက ဆိုပါတယ်။

“ ရူဘီ ဈေးပေါတယ်။ မသောက်ဘူးဗျာ။ မားဗီးရက်စ်ကို ဈေးကြီးပေးသောက်မယ်” လို့ ကိုမိုးညိုက ကြုံးဝါးပါတယ်။ (သူ့ ဆိုက်ကား လက်ကိုင်မှာပေါ့ ဆေးပေါ့လိပ်အတိုလေး ညှပ်ထားတယ်)

ဘယ်နေရာ ကြည့်ကြည့် စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုတွေ ပြည့်နေကြောင်း နဲ့ သူတို့လို သာမာန်ပြည်သူ တွေကတော့ နေ့နေ့ညည စားဝတ်နေရေးအတွက် ရုန်းကန်နေရတာကို ကိုမိုးညို ခံပြင်းပါတယ်။

ဒါပေမယ့် ဒါတွေက နွေဦးမှာ ရောင်နီ ထွန်းလာရင် ပြီးဆုံးသွားပြီ လို့ ကိုမိုးညို ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်။ အောင်ပွဲရတဲ့ နေ့ ကိုမိုးညိုကတော့ လုံး၀ မအိပ်ပဲ အောင်ပွဲ ခံပြစ်မယ်လို့ ကြွေးကျော်ပါတယ်။

“ ဆိုက်ကားရောင်းပြီးကို အောင်ပွဲခံပစ်မယ်။ ကျွန်တော်လုံး၀ မအိပ်ဘူး။ တကယ်ပြောတာ။ ကျွန်တော်တို့ နိုင်တော့မှာ အားတင်းထားဗျာ” လို့လည်း ကိုမိုးညိုက စိတ်မလျှော့ဖို့ အားပေးပါတယ်။

ဒီလိုနဲ့ ခရီးလမ်းဆုံးပြီးတော့ ကိုမိုးညိုလည်း စကားစကို အဆုံး သတ် လိုက်ပါတယ်။ သူ့ကို ကြည့်ရတာ ဆိုက်ကား ဆရာ တစ်ယောက်ထက် စစ်အာဏာရှင် စနစ်ကို မုန်းတီးနေတဲ့ လူငယ် တစ်ဦးနဲ့ ပိုပြီး တူပါတယ်။ ရင်ဖွင့်လိုက်ရလို့ ကိုမိုးညို ကြည့်ရတာ စိတ်ထဲ ပေါ့သွားပုံရပါတယ်။

ဆိုက်ကားခ တစ်ထောင် ပေးလိုက်တော့ ကိုမိုးညိုက

“ ကိုယ့် ညီကိုတွေနဲ့ ဆုံတုန်း ရင်ဖွင့်လိုက်ရတာ ပေါ့သွားတာပဲ။ လူကြည့်ရသေးတယ်။ ပျူစောထီးတွေဆို ကိုယ့်ပြန်ပြီး ရိုက်နှက်သွားမှာ။ သွားဦးမယ်ဗျာ” လို့ ကိုမိုးညိုက ပြောပြီး ဆိုက်ကားကို လှည့်ထွက်ကာ သူ့ရဲ့ ဂိတ်စီကို ပြန်သွားပါတော့တယ်။