“ကျူကျူကျား”

Author ပြည်စိုး
Categories
Published on Jan 03, 2023

ဘာမေးရှားခြံတော်ကြီးရဲ့ ဘလွတ်ကြီး ကျူကျူကျား ဆုတံဆိပ်များ ချီးမြှင့်နေသည့် သတင်းသည် ဂုတ်ကျားတို့ကမ္ဘာတွင် အလွန်နာမည်ကြီးနေသည်။

ကျူကျူကျားဆိုသည်မှာ အခြားမဟုတ် ဘာမေးရှားခြံတော်ကြီး၏ အစောင့်တော်ကြီးဖြစ်သည်။ သခင်ဖြစ်သူမှ ဟော့ဒေါ့ကျွေးရာတွင် မသာမာမှုပြုုလုပ်သည်ဟုဆိုကာ သခင်ဖြစ်သူကို ကိုက်မဲပြီးနောက် ဘာမေးရှားခြံတော်ကြီးတွင် ဗိုလ်ဖြစ်လာသူ ဖြစ်သည်။

လူပုစိတ်တို ခွေးပုရန်လိုဆိုသည့် စကားအတိုင်း ကျူကျူကျားနဲ့ တပည့်ကျော် မဲလုံးတို့အဖွဲ့သည် လွန်စွာရန်လိုလှသည်။ ဘာမေးရှားခြံတော်ကြီးတွင် ကျူကျူကျား ဗိုလ်ဖြစ်နေပြီဖြစ်သည်။

ဗိုလ်ပီပီ သခင်ဖြစ်သူ ထိုင်ခဲ့သည့် ကော်ဇောကြီးကို လွန်စွာသဘောကျသည်။ ကော်ဇောကြီးပေါ်မှာ အိပ်သည်။ ဧည့်သည်များလာလို့ကတော့ သခင်ဖြစ်သူရဲ့ စလွယ်တော်ကြီးကို ချီချီပြပြီး ကြွားရသည်မှာ အမောတကော။ ခက်သည်က စလွယ်တော်က ကြီးနေပြီး ကျူကျူကျားနဲ့ မတော်။ ဘာဖြစ်ဖြစ် ခပ်တည်တည်ပဲ ကျူကျူကျားကတော့ ချီပြမြဲဖြစ်သည်။

ကျူကျူကျားတို့ ရန်လိုမှုကြောင့် အနီးဝန်းကျင်မှ လူများက အပေါင်းအသင်းမလုပ်ကြ။ ကျူကျူကျား အမြှီးနန့်ပြလဲ အဖက်မလုပ် ဟောင်ပြလဲ အဖက်မလုပ် အူပြလဲ အဖက်မလုပ်။

ထို့ကြောင့် ကျူကျူကျား အကြံထုတ်သည်။

“ဟဲ့ မဲလုံး ငါကိုယ်တော်ကို လူတွေက ဘာလို့ အခုထိ လူလို့ မထင်တုန်းကွဲ့”

တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ လူကတော့ လူကိုပဲ လူလို့ထင်မှာကို ဒီကောင်တော့ စားပြီဟု မဲလုံး ပြန်ဖြေသည်လား မသိ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

ကျူကျူကျား လူတွေအဖက်လုပ်လာအောင် အကြံထုတ်သည်။ နောက်ဆုံး ဘာမေးရှားခြံတော်အတွင်း အစဉ်အဆက် နေထိုင်ခဲ့သူ သခင်များနှင့် သခင်၏ အသိအကျွမ်းများကို ဆုတံဆိပ်များ ပေးရန်ကြံစည်သည်။

“ဟဲ့ မဲလုံး ငါကိုယ်တော် လူတွေကို ဆုပေးမှ ဖြစ်မယ်ဟဲ့၊ ဒါမှ လူတွေထက် ငါက ကြီးမြတ်တယ် ထင်မယ်မလား”

တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

“ဟဲ့ မဲလုံး ဟိုအဆင်လေးကို ဆုပေးရအောင်၊ ဒီအဆင်လေးလဲ ဆုပေးချင်သေး၊ ဟိုလူတွေကိုရောကွာ ၊ ငါဆုပေးချင်တယ်”

တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

“ဟိုအဆိုတော်ကြီး ဝင်းဦးကွာ ဘာတဲ့ သူ့ရဲ့ မီးပုံပွဲသီချင်းလား၊ လူတွေဆိုတုန်းက ငါလိုက်အူဖူးတယ် အတော်ကြိုက်တာ သူ့လဲပေးရမယ်”

တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

ဘာမေးရှားခြံတော်ကြီးမှာ ကျူကျူကျားက ဗိုလ်ပဲဆိုတော့ကာ လူရာဝင်အောင် လူများကို ကျူကျူကျားဆုပေးသည်။ ကျူကျူကျားက လူတွေကိုဆုပေးသည်ကို အာဝုအချို့ မကျေနပ်သံထွက်လာတော့ အချင်းချင်းပါ ကပ်တိုးလေးပေးဖို့ပါ ကျူကျူကျား လုပ်ဆောင်ပြန်သည်။

ဆုတွေများပေါလွန်းလို့ ဆူးလေနားသွားဝယ်ရင် ဒီဇိုင်းစုံ ပုံစံစုံရသည်ကိုး။ အရေးကြီးတာ ကျူကျူကျား လူရာဝင်ဖို့ပင်။

“ခြံတော်ကြီးမှာ ငါကိုယ်တော် အကြီးမြတ်ဆုံးပဲ မောင်မင်းရဲ့ ၊ ခြံတော်ကြီးကို ကျူပ်ကယ်တင်ခဲ့တာ၊ ကျုပ်က.. ကျုပ်က.. ကျုပ်က…”

တဝုဝုနဲ့ မဲလုံးပြန်ဖြေသည်။ ကိုယ်တွေကတော့ ဘာသာမပြန်တတ်။

အင်း ဘာသာပြန်တတ်တဲ့ နွယ်တူတွေကတော့ ပြန်တက်မပေါ့။