စစ်ကောင်စီကို မထောက်ခံသည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကို မဟုတ်မမှန်တရားစွဲဆိုကာ အသင်းတော်များကို ဖိနှိပ်ရန် ကြိုးစားနေကြောင်း ICNCC ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 22, 2022

အာဏာသိမ်း စစ်ကောင်စီကို မထောက်ခံသည့် ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များကို မတရားဖမ်းဆီးပြီး မဟုတ်မမှန်တရားစွဲဆိုကာ ခရစ်ယာန်အသင်းတော်များကို ဖိနှိပ်ရန် ကြိုးစားနေကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ(ICNCC)က ယနေ့(ဒီဇင်ဘာ ၂၂ရက်) တွင် ထုတ်ပြန်ထားသည်။

အာဏာသိမ်း စစ်ကောင်စီသည် ဒီဇင်ဘာ ၁၅ ရက်တွင် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌဟောင်းဖြစ်သူ သိက္ခာတော်ရ ဆရာကြီး ဒေါက်တာခလမ်ဆမ်ဆွန်အား မတရားဖမ်းဆီးခဲ့ပြီး၊ ယနေ့အချိန်ထိ ပြန်လည် လွှတ်ပေးခြင်းမရှိဘဲ တရားစွဲဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ထို့အတူ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်က မန္တလေးမြို့ရှိ ဖလမ်းနှစ်ခြင်း ခရစ်ယာန်အသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရ ဆရာ သျှန်းလျန်ဆန်းအား မတရားဖမ်းဆီးပြီး၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် စစ်ကောင်စီလက်အောက်ခံတရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်ပြီး အာဏာသိမ်းစစ်ကောင်စီအား ထောက်ခံခြင်းမပြုသည့် ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များကို မတရားဖမ်းဆီးကာ၊ ရရာပုဒ်မများဖြင့် မဟုတ်မမှန် တရားစွဲဆိုပြီး ယင်းတို့ ထိန်းချုပ်မှုအောက်ရှိ တရားရုံးမှ ပြစ်ဒဏ်ချမှတ်နေခြင်းသည် ခရစ်ယာန်အသင်းတော်များကို ဖိနှိပ်ချုပ်ချယ်ရန် ကြိုးစားနေသည့် အကြမ်းဖက်မှုပင်ဖြစ်ကြောင်း ICNCC ကဆိုသည်။

ယခုကဲ့သို့ ဖိနှိပ်ခံပြည်သူများနှင့်အတူ ရပ်တည်ပြီး၊ စစ်မှန်သော ခရစ်ယာန်ခေါင်းဆောင်မှုကို ပြသသည့် ခရစ်ယာန်သာသနာ့၀န်ဆောင် ဆရာတော်များအား မတရားဖမ်းဆီးခြင်း၊ အကျဉ်းချခြင်းများကို မိမိတို့ကောင်စီအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး၊ စစ်ကောင်စီမှ ယင်းဆရာတော်များအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ICNCC က တောင်းဆိုထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ICNCC #ခရစ်ယာန်ဘာသာရေးခေါင်းဆောင်