CJ Platform မှ သတင်းဖော်ပြ အပြီးတွင် ကျာဖြန်လုပ်ငန်း၌ အခန်းတွင်း ပိတ်လှောင်ခံထားရသည့်လူငယ် ၃၀ နီးပါး ပြန်လည်လွတ်မြောက်

Author ခေတ်နီ
Categories
Published on Dec 22, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်အတွင်းမှာ ကျာဖျန်လုပ်ငန်းဟု လူသိများသည့် တရုတ်လူလိမ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်မိပြီး အခန်းတွင်းပိတ်လှောင်ခံထားရသည့် မြန်မာလူငယ် ၃၀ ခန့်သည် ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း အဆိုပါလူငယ်များမှ CJ Platform သို့ ဆက်သွယ် သတင်းပေးပို့သည်။

ပန်ဆန်းမြို့နယ်အတွင်းရှိ တရားမဝင် လူလိမ်လုပ်ငန်းတစ်ခုဖြစ်သည့် ကျာဖျန်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်မိသူ လူငယ် ၃၀ ဦးခန့်သည် ကုမ္ပဏီထံမှ ၎င်းတို့ရသင့်သည့် လုပ်ခလစာအား တောင်းခံရာမှ နှစ်ဖက်အချင်းများမှုဖြစ်ပွားပြီး ကုမ္ပဏီလုံခြုံရေးများမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက် နေ့မှစတင်ကာ အခန်းတွင်း ပိတ်လှောင်ထားခဲ့တာပဲ ဖြစ်သည်။

အဆိုပါ လူငယ်များသည် အေးဂျင့်များမှတဆင့် online marketing လုပ်ငန်းဟု လိမ်လည် ခေါ်ဆောင်လာမှုကြောင့် ပန်ဆန်းရှိ ကျာဖျန်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်ကြရခြင်းဖြစ်ပြီး အများစုမှာ ဖျာပုံ၊ ရန်ကုန်၊ မန်းတလေး ၊မြစ်ကြီးနား ၊သီပေါ၊ လားရှိုးနှင့် ရခိုင်မှလူငယ်များဖြစ်သည်။

CJ platformမှ ဖော်ပြခဲ့သည့် သတင်းမှတဆင့် ၎င်းတို့မိတ်ဆွေများမှ အေးဂျင့်များအား ဖိအားပေးကာ ကယ်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ထိုလူငယ်များတွင် မိန်းကလေး၇ဦးနှင့် ယောက်ျားလေး ၂၂ဦးပါဝင်နေပြီး လက်ရှိမှာတော့
ကျာဖျန်လုပ်ငန်းမှ ထွက်ခွာလာပြီး လုံခြုံရသည့်နေရာတွင် ရောက်ရှိနေပြီ ဖြစ်ကြောင်းသိ ရသည်။

“ကျနော်တို့ လွတ်ပြီ အခုအကုန်လုံးအပြင်မှာပဲ အိမ်ပြန်ဖို့ပြင်နေကျပါပြီ၊ အစ်ကိုတို့ သတင်းဖော်ပြပေးမှုကြောင့် ပွဲစားက ပြန်လာပြီး ရွေးထုတ်ပေးတယ်”ဟု လွတ်မြောက်လာသည့် လူငယ်တစ်ဦးမှ ပြောသည်။

တရုတ် လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည်” ဝ “ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့‌များမှာ အများအပြားရှိကာ အေးဂျင့်များ၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ဝင်ရောက်လုပ်ကိုင်နေကြသည့် လူငယ်များသည်လည်း ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကိုခံနေရပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ရက်နေ့တွင်လည်း ကျာဖျန်ကုမ္ပဏီ တစ်ခုဖြစ်သည့် ထိုင်ဟွာလုံ ကုမ္မဏီမှ တိုက်ပိတ် နှိပ်စက်ခံခဲ့ရသည့်လူငယ် ၁၆ ဦးကို ဒေသအာဏာပိုင်များမှ ပြန်လည် ကယ်ထုတ်ခဲ့ရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကျာဖျန် #တရုတ်လူလိမ် #ဝ #ပန်ဆန်း