မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဆိုမူကြမ်း အတည်ပြုချက်တွင် မျှော်မှန်းထားသည့် အချက်အလက်များ မပါ၀င်ကြောင်း NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 22, 2022

 

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အဆိုမူကြမ်း အတည်ပြုချက်တွင် မျှော်မှန်းထားသည့် အချက်အလက်များ များစွာ ပါ၀င်မှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ယနေ့တွင် ထုတ်ပြန်ထားသည်။

ဆုံးဖြတ်ချက်အဆိုတွင် အပြုသဘောဆောင်သည့် အချက်အလက်များ ပါ၀င်နေသည့်တိုင် မိမိတို့ မျှော်မှန်းထားသည့် အချက်များ များစွာ ပါ၀င်လာမှုမရှိသေးသည်ကို တွေ့ရကြောင်း၊ သို့ဖြစ်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့က ဆုံးဖြတ်ချက်အဆိုအပေါ် အခြေပြုကာ စစ်အာဏာရှင်စနစ်နှင့် ယင်းတို့၏ ရာဇ၀တ်မှုများကို အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ထို့ထက် ခိုင်မာသော လုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ရန် NUG က တောင်းဆိုထားသည်။

ထို့ပြင် NUG အနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများနှင့် မြန်မာပြည်သူများနှင့်အတူ အကျိုးတူပူးပေါင်းကာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးလုပ်ငန်းစဉ်၊ ရိုဟင်ဂျာ များနေရပ်ပြန်လည် လာရောက်နိုင်ရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အမှန်တကယ် လိုအပ်နေသူများထံ ရောက်ရှိရေးနှင့် နိုင်ငံတကာ ရာဇ၀တ်မှုဥပဒေအား ချိုးဖောက်မှုများအတွက် တာ၀န်ခံမှုရှိစေရေးတို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုများကို ထုတ်ပြန်ချက်တွင် ထပ်မံတောင်းဆိုထားသည်။

ယခုဆုံးဖြတ်ချက်အဆိုသည် မြန်မာပြည်သူများအတွက် အထောက်အပံ့ဖြစ်စေသည့် ခြေလှမ်းတစ်ခု ဖြစ်သည့်အတွက် ကြိုဆိုကာ၊ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီ၏ လုပ်ငန်း စတင်ခြင်းပင် ဖြစ်ကြောင်း၊ အဓိကအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ရန်နှင့် ဒေသတွင်း မတည်မငြိမ်ဖြစ်မှုအား ကာကွယ် ထိန်းသိမ်းရန် လုံခြုံရေးကောင်စီ၏ တိကျခိုင်မာ ပြတ်သားသော ဆုံးဖြတ်ချက်ကို အထူးလိုအပ်သည်ဟု NUG က ထုတ်ပြန်ထားသည်။

ယင်းအဆိုမူကြမ်းအား ပြုစုသည့် လုပ်ငန်းစဉ်၌ ဦးဆောင်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းအား အတည်ပြုရာတွင်လည်း ထောက်ခံပေးသည့် ဗြီတိန်နိုင်ငံနှင့် အခြားထောက်ခံသည့် နိုင်ငံများကိုလည်း NUG ကကျေးဇူးတင်ကြောင်း ဖော်ပြထားသည်။

ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် ဆိုးရွားသော အကျပ်အတည်းအတွက် လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်ပေးရာတွင် တိုးတက်မှုတစ်ခုအဖြစ် ပြသနိုင်ရုံသာမက နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် စစ်တပ်၏ ခြိမ်းခြောက်နေမှုကိုလည်း ပြသပေးကြောင်း NUG က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လုံခြုံရေးကောင်စီ၏ အဆိုမှုကြမ်းကို ယနေ့တွင် မဲခွဲဆုံးဖြတ်ရာ အဖွဲ့၀င် ၁၅ နိုင်ငံအနက် တရုတ်၊ ရုရှားနှင့် အိန္ဒိယ တို့မှ ကြားနေခဲ့ကာ ကျန်နိုင်ငံအားလုံးက ထောက်ခံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်သည့် အဆိုမှုကြမ်းကို ယခုနှစ်စက်တင်ဘာမှ စတင်ကာ ဗြိတိန်နိုင်ငံက ဦးဆောင်ရေးဆွဲခဲ့ခြင်းဖြစ်ပြီး၊ ကနဦးမူကြမ်းတွင် မြန်မာနိုင်ငံကို လက်နက်တင်ပို့မှု ချက်ချင်းရပ်တန့်ရန်နှင် ကုလသမဂ္ဂမှ ပိတ်ဆို့ အရေးယူရေး စသည့် အချက်များပါ၀င်ခဲ့သော်လည်း ယင်းအချက်များကို ဖယ်ရှားခဲ့ပြီးနောက် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အဆိုတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်၊ အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်ရန်၊ အာဆီယံနှင့် သဘောတူညီချက်များကို အမြန်ဆုံးအကောင်အထည်ဖော်ရန်၊ ပြည်သူများ၏ မဲဆန္ဒကို လေစားလိုက်နာရန်၊ မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ လူ့အခွင့်အရေးနှင့် တာ၀န်ခံမှု စံနှုန်းထားများကို လိုက်နာရန်နှင့် လူသားချင်း စာနာမှုအကူအညီများကို အကန့်အသတ်မရှိ ခွင့်ပြုပေးရန် စသည့် အချက်များပါ၀င်သည်။
*လင်းခိုင်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကုလ #အာဆီယံ #လုံခြုံရေးကောင်စီ