မျှော်နေမယ် လေယာဉ်ကြီးရေ…

Author ဇိမ်း
Categories
Published on Dec 17, 2022

စစ်လေယာဉ်ကြီးတွေပေါ် စစ်သားတချို့က အလုံပိတ်ထားတဲ့ အထုပ်များစွာကို တင်နေကြတယ်။ စစ်သားအားလုံးက တက်တက်ကြွကြွနဲ့ အဲ့ဒီလုပ်ငန်းစဉ်ကို အာရုံစူးစိုက်ပြီး လုပ်ဆောင်နေကြတာပါ။

 

ဒီဇင်ဘာလနဲ့အတူ အေးမြတဲ့ အငွေ့အသက်တွေဟာ အရေပြားအတွင်းကို သူ့ထက်ငါ တိုးဝှေ့ဝင်ရောက်နေပါတယ်။ နှစ်တစ်နှစ်ရဲ့နောက်ဆုံးလကို ရောက်ရှိနေပါပြီ။ မကြာခင်ကာလတစ်ခုမှာ ၂၀၂၃ ခုနှစ်ကို ကြိုဆိုရတော့မှာပါ။

 

မြန်မာနိုင်ငံမဟုတ်တဲ့ နိုင်ငံအချို့ကတော့ Operation Christmas Drop ဆိုတဲ့ စစ်ဆင်ရေးကို ဒီဇင်ဘာ ၄ ရက်နေကနေ စပြီး သီတင်းတပတ်ကြာ ပြုလုပ်ခဲ့ကြပါတယ်။ ဒီစစ်ဆင်ရေးဟာ လူသားချင်းစာနာမှုကို ရည်ရွယ်ပြီး ပြုလုပ်တဲ့ ခရစ္စမတ်ကာလ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။

 

သက်ဆိုင်တဲ့ နိုင်ငံက စစ်မှုထမ်းတွေနဲ့ အဖွဲ့တချို့ ပူးပေါင်းပြီးလုပ်တဲ့ ဒီစစ်ဆင်ရေးဟာ နာမည်ကျော်ပါတယ်။ ဒီလုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ရုပ်ရှင်တချို့တောင် ထွက်ထားပါသေးတယ်။

 

Operation Christmas Drop ကို ၁၉၅၂ ခုနှစ်မှာ စတင်ပြုလုပ်ခဲ့ပြီး ဒါဟာ အမေရိကန်လေတပ်ရဲ့ လေ့ကျင့်ရေးမစ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။

 

လေ့ကျင့်ရင်းနဲ့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအတွက် ကြိုးပမ်းခဲ့ရာကနေ အမေရိကန် ကာကွယ်ရေးဌာနရဲ့ သက်တမ်းအရှည်ဆုံး လုပ်ဆောင်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။

 

ဒါကြောင့် ကမ္ဘာ့အရှည်ကြာဆုံး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့မှု လေယာဉ်ပျံကြီးအဖြစ်တောင် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

ထောက်ပံ့မှုဟာ အမေရိကန် ဖွဲ့စည်းထားတဲ့ ဂူအမ်ကျွန်းက အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုကို အန်ဒါဆင် လေတပ် အခြေစိုက်စခန်းနဲ့ ယိုကိုတာ လေတပ်စခန်းတို့က ပူးပေါင်းလုပ်ပြီး Micronesia ဒေသကို ပစ်မှတ်ထား ကူညီထောက်ပံ့ပါတယ်။

 

“ဝေးလံခေါင်သီလှတဲ့ ကျွန်းပေါင်း ၅၆ ကျွန်းကို လေကြောင်းကနေတဆင့် ထောက်ပံ့ရေးပစ္စည်းတွေ ဝေငှမှာပါ၊ ခရစ္စမတ် ခံစားမှုအပြည့်နဲ့ပေါ့။ ပါဝင်ပတ်သက်သူတွေရဲ့ လေးနက်လှတဲ့ အောင်ပွဲတစ်ခုပါ”လို့ ပစိဖိတ် လေတပ်ကနေ အသိပေးထားပါတယ်။

 

လေယာဉ်ပေါ်က ပစ်ချလိုက်တဲ့ အလုံပိတ် အထုပ်တွေထဲမှာ အစားအစာ၊ ငါးဖမ်းကိရိယာတွေ၊ ကျောင်းသုံးစာအုပ်တွေ၊ အရုပ်တွေနဲ့ အဝတ်အစားတွေ ပါပါတယ်။ လေ့ကျင့်ရေးထက်ပိုတဲ့ စိတ်ခံစားမှုတွေနဲ့ လုပ်တဲ့ ဒီလုပ်ငန်းစဉ်ဟာ အခုနဲ့ဆို ၇၁ ကြိမ်မြောက် ရှိလာခဲ့ပါပြီ။

 

ဆန်တာကလော့ ဦးထုပ်တွေ ကိုယ်စီဆောင်းထားတဲ့ မစ်ရှင်မှာ ပါဝင်တဲ့ စစ်သားတွေကတော့ ခရစ္စမတ်ကာလမှာ လူသားခြင်းစာနာမှု စိတ်ဓာတ်တွေနဲ့ ခရစ္စမတ်လက်ဆောင်တွေကို ဝေငှရလို့ ပျော်ရွှင်နေကြပါတယ်။

 

ကြည်နူးစရာကောင်းလှတဲ့ ဒီလိုလုပ်ဆောင်မှုနဲ့ ဒီလိုမြင်ကွင်းတွေကို မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ ပြည်သူတွေ ဖြစ်ချင်၊ မြင်ချင်နေမိမှာ အမှန်ပါပဲ။

 

မြန်မာနိုင်ငံမှာတော့ စစ်ဘက်သုံးလေယာဉ်တွေကို မြင်တွေ့ရတဲ့ ကလေးငယ်တွေဟာ ကြောက်လန့်ခြင်း နာကြည်းခြင်းများကိုသာ ပိုင်ဆိုင်နေကြပါတယ်။

 

ခရစ်ယာန်ဘာသာဝင်တွေ အများဆုံးနေထိုင်ကြတဲ့ ထန်တလန်မြို့ကြီးကို မြန်မာစစ်တပ်ဟာ ယမန်နှစ် ခရစ္စမတ်ပွဲတော်ကာလမှာ စစ်ဘက်သုံးလေယာဉ်တွေနဲ့ ဗုံးကြဲ၊ မီးရှို့ဖျက်ဆီးခဲ့တာတွေ၊ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာက ကလေးငယ်တွေသေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ တစ်သက်တာ မမေ့နိုင်စရာတွေပါ။

 

အခုတော့ ခရစ္စမတ်ကာလ လက်ဆောင်အထုပ်တွေ လာချပေးတဲ့ စစ်သုံးလေယာဉ်ကြီးကို ပျော်ရွှင်တဲ့ မျက်နှာအမှုအယာတွေနဲ့ လက်ဝှေ့ယမ်းနေပြကြတဲ့ Micronesia ဒေသက လူတွေကတော့ အပြုံးတွေ ကိုယ်စီနဲ့ပေါ့။