စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ၁၀ ရက်အတွင်း ဒီပဲယင်းရှိ ရွာ ၁၈ ရွာ ပြာကျ

Author ခေတ်နီ
Categories
Published on Dec 13, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုး မီးရှို့မှုများကြောင့် ယခု ဒီဇင်ဘာလ ၁၀ ရက်တာအတွင်း ကျေးရွာ ၁၈ ရွာမှ နေအိမ် ၁၆၀၀ကျော် ပျက်စီးခဲ့ကြောင်း ဒေသအတွင်း စစ်ဘေးရှောင်အရေး အကူအညီပေးနေသည့် အဖွဲ့များမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။

ဒီပဲယင်းမြို့နယ်အတွင်း ယခု ဒီဇင်ဘာလ ၁ရက်နေ့အထိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအား စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေခဲ့တာဖြစ်ပြီး ကျေးရွာ ၁၈ ရွာမှ နေအိမ် ၁၆၀၀ကျော် ပျက်စီးကာ ဒေသခံ နှစ်သောင်းခန့်အထိ စစ်ဘေးတိမ်းရှောင်နေရတာပဲ ဖြစ်သည်။

ယခုလို စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဒေသခံများ၏ နေအိမ်များအပြင် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များပါ မီးလောင်ဆုံးရှုံးခဲ့တာကြောင့် ဒေသခံများအနေနှင့် လတ်တလော နေထိုင်ရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

“သူတို့ကတော့ ပြည်သူတွေကို ဒုက္ခပိုတိုးလာအောင် လုပ်နေတာပဲ အခုလက်ရှိတော့ အရေးပေါ် အကူအညီတွေလိုနေတယ် စောင်တွေ ရိက္ခာတွေအစုံပဲ ကျနော်တို့လဲ ကူနေပေမယ့် မနိုင်ဘူးလေ ဒေသခံတွေကတော့ သူတို့ အသိ ဆွေမျိုးအိမ်တွေ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ် စစ်ကြောင်းထွက်ရင် သူတို့ အိမ်ပြာပုံလေးတွေ လာရှင်းကြ အဲ့လိုပဲနေနေကြတာပဲ”ဟု စစ်ဘေးရှောင်များအား အကူအညီပေးနေသူတစ်ဦးမှ CJ Platform သို့ ပြောသည်။

စစ်ကောင်စီတပ်မှ ယခုလိုမီးရှို့မှုများကြောင့် ဒေသခံများအနေဖြင့် အရေးပေါ် ဆေးဝါးစားနပ်ရိက္ခာ အပြင် ယာယီ နေထိုင်ရေးများအတွက် မိုးကာစများ စောင်များပါ လိုအပ်နေကြောင်း သိရသည်။

“လက်ရှိအခြေအနေကတော့ ပြောစရာစကားနှစ်ခွန်းပဲရှိတယ် နေစရာအိမ်မရှိ စားစရာမဲ့နေတဲ့ အခြေအနေပဲ “ဟု ဒီပဲယင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးမှလည်း CJ Platform သို့ပြောသည်။

ဒီပဲယင်းမြို့နယ်အတွင်း ကျေးရွာများကို ဖျက်ဆီးခဲ့သည် စစ်ကောင်စီတပ်များသည် ခမရ ၇၀၁ နှင့် ခမရ ၃၆၄မှဖြစ်ကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒီပဲယင်း #စစ်ဘေးရှောင် #နေအိမ်မီးရှို့ခံရ