နယ်မြေရှင်းလင်းရေးဟုဆိုကာ ဒီဇင်ဘာပထမပတ်အတွင်း ဒီပဲယင်းမှ ရွာ ၆ရွာထက်မနည်း မီးရှို့ခံရ

Author ခေတ်နီ
Categories
Published on Dec 05, 2022

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း ယခု ဒီဇင်ဘာလ ပထမပတ်အတွင်း စစ်ကောင်စီတပ်မှ နယ်မြေရှင်းလင်းရေးဟုဆိုကာ စစ်ကြောင်းထိုးမီးရှို့ခဲ့တာကြောင့် ကျေးရွာ ၆ ရွာထက်မနည်းမီးရှို့ခံခဲ့ရပြီး နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးထံမှ သိရသည်။

ယခုလ ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ စစ်ကောင်စီ ၏ လက်အောက်ခံတပ်များမှ နယ်မြေရှင်းလင်းရေးခေါင်းစဥ်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ ဒီပဲယင်းမြို့နယ်အတွင်းရှိ ညောင်လှရွာအပါအဝင် ရွာ ၆ရွာထက်မနည်း မီးရှို့ဖျက်ဆီးခဲ့တာပဲ ဖြစ်သည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ညောင်လှရွာမှ ထွေအုပ်ရုံးနှင့် သာသနိက အဆောက်အအုံများ အပါအဝင် အဆောက်အုံ ၆၂လုံး၊ကံကုန်းရွာမှ နေအိမ်၁၅ လုံး၊ ဝဲကြီး-မိုးညှင်းကုန်းမှနေအိမ် ၂လုံး၊နများရွာမှ နေအိမ် ၂၉ လုံး ၊ယဥ်ကျေးရွာမှ နေအိမ်၁၃ လုံးမီးလောင်ပျက်စီးခဲ့ရပြီးယနေ့ မနက်ပိုင်းမှာလဲ မရိုးကုန်းကျေးရွာကို မီးရှို့ ဖျက်ဆီးသွားကြောင်းနှင့် ပျက်စီးမှုအခြေအနေကိုတော့ မသိရှိရသေးပါဘူး။

“မရိုးကုန်းကနေ ခွာနေပြီလို့တော့ ကြားတယ်ဗျ ယဥ်ကျေးကိုဖြတ်ပြီး ညောင်လှကို ပြန်လာနေတာ တိုက်ပွဲလုံးဝမဖြစ်ဘဲ စစ်ကြောင်းထိုးနေတာ နယ်မြေရှင်းလင်းရေးဆိုပြီးတော့ ဘယ်တပ်မ တပ်ရင်းတွေလဲဆိုတာတော့ အတည်မပြုနိုင်သေးဘူး သွားလဲမကြည့်ရဲဘူးလေ”ဟု အဆိုပါဒေသတွင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆေင်နေသူတစ်ဦးက CJ Platform သို့ ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့မနက်ပိုင်းတွင် မီးရှို့ခဲ့သည့် မရိုးကုန်းရွာမှ ဒေသခံ ရွာသား၂ ဦးကိုလဲ သတ်ဖြတ်သွားကြောင်း သတင်းများထွက်ပေါ်နေပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှစစ်ကြောင်းထိုးမှုကြောင့် ဒေသခံထောင်ချီ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒီပဲယင်း #စစ်ဘေးရှောင်