တော်လှန်ရေးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နှစ်ခု အကြောင်း

Published on Dec 04, 2022

တော်လှန်ရေးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်နှစ်ခု အကြောင်း

 

“သုံးယောက်လုံး သေသွားတာကွာ”

 

သစ်ပင် ခပ်အုပ်အုပ် ဝန်းရံထားသည့် တောတွင်း တစ်နေရာဟု ယူဆရသည့် နေရာတစ်ခုတွင် ဖြစ်သည်။ သစ်ပင်တစ်ခု၏ အောက်၌ လက်လုပ် လက်နက်ကြီးတစ်လက်ကို ကျည်အသင့်ပြင်၍ ပစ်ခတ်မည့် တော်လှန်ရေး ရဲဘော်တစ်ဦး ရှိနေခဲ့သည်။ သူ၏ နံဘေးတွင်လည်း မြေပြင်ပေါ်တွင် ဝတ်၍ လက်နက်ကြီး ပစ်ခတ်ချိန်ကို စောင့်ဆိုင်းနေသည့် ရဲဘော်နှစ်ဦးကလည်း ရှိနေခဲ့သည်။ အဆိုပါ တော်လှန်ရေး ရဲဘော်သုံးဦး လက်နက်ကြီး ပစ်ခတ် တိုက်ပွဲဝင်မည်ကို မိုဘိုင်းဖုန်းဖြင့် အနီးအနားမှ ရဲဘော်တစ်ဦးက မှတ်တမ်းတင် ရိုက်ကူးနေခဲ့သည်။

 

“ဝမ်း၊ တူး” ပစ်ခတ်မည့် ရဲဘော်စီကလား၊ အနီးအနားက ရဲဘော်များ စီကလား မသိ၊ လက်နက်ကြီး ပစ်ခတ်ရန် အချက်ပြ အသံက ထွက်ပေါ်လာခဲ့သည်။

” သုံး” ” အုန်း ” လက်နက်ကြီး ပစ်ခတ်မည့် ရဲဘော်က သုံးဟု အော်သံကြားသည်နှင့် ကျည်ကို ထည့်၍ ပစ်ခတ်လိုက်သည်။

သို့သော် ကျည်က ပစ်မှတ်ရှိရာ စီ ထွက်မသွားခဲ့။ တာဝါတိုင် အပိုင်းအစများဖြင့် ပြုလုပ်ထားသည့် လက်လုပ် လက်နက်ကြီးက မတော်တဆ ဖြစ်ခဲ့ပေသည်။ ကျည်က ထည့်၍ ပစ်လိုက်စဥ်မှာပင် ပေါက်ကွဲသွားခဲ့သည်။

 

” ဟာ သွားပြီကွာ”

” သုံးယောက်လုံး သေသွားတာကွာ”

အနီးအနားမှ မှတ်တမ်းတင် ရိုက်ကူးနေသည့် ရဲဘော်များထံမှ မချိတင်ကဲ ဖြစ်ကာ ဝမ်းနည်းကြေကွဲမှုများ ရောပြွမ်းနေသည့် အသံများ ထွက်ပေါ်လာသည်။

” ဟားးးးးး သွားပြီကွာ…….ပဲ။” ရဲဘော်တစ်ဦးက ကြေကြေ ကွဲကွဲ ဟစ်အော်၍ ဆဲရေး မြည်တမ်းလိုက်သည်။ လက်နက်ကြီး ပစ်ခတ်သည့် ရဲဘော်က မြေပြင်ပေါ်တွင် မလှုပ်ရှက်တော့ပေ။

ရဲဘော်တစ်ဦးက ” တစ်ယောက်ပွင့်သွားပြီဟေ့” ဟု အဆိုပါ ရဲဘော်ကို ရည်ညွှန်းပြီး ဆော်အော်လိုက်သည်။ ထိုစဥ် ခေါင်းဆောင်ဟု ယူဆရသူထံမှ အမိန့်ပေး ညွှန်းကြားသည့် ဟန်ဖြင့် တပ်ပြန်ဆုတ်ရန် အခြားရဲဘော်များကို ပြောလိုက်သည်။

” တပ်ပြန်ဆုတ်မယ်။ Dead Body တွေ သယ်မယ်” ရဲဘော်များ၏ တိုက်ပွဲ Mission ကတော့ ကြေ ကွဲဖွယ်ရာ မတော်တဆ ဖြစ်ရပ်ကြောင့် ဖျက်သိမ်းရတော့မည်ဟု ယူဆရပေသည်။

 

စစ်ကိုင်း၊ မကွေး အညာဒေသမှာ ထိုကဲ့သို့ လက်လုပ် လက်နက်ကြီးများ၊ လက်လုပ်မိုင်းများ မတော်တဆ ဖြစ်၍ ကျဆုံးခဲ့ရသည့် တော်လှန်ရေး ရဲဘော်များကား မနည်းလှပေ။ ယခုလည်း ကိုယ့်နည်းကိုယ်ဟန်ဖြင့် တီထွင်ကြံဆထားရသည့် လက်လုပ်စစ်လက်နက် ပစ္စည်းက ရဲဘော် သုံးဦး၏ အသက်ကို နုတ်ယူသွားခဲ့ ခြင်း ဖြစ်သည်။

 

တော်လှန်ရေးကာလက နှစ်နှစ်ပင် ပြည့်တော့မည် ဖြစ်သည်။ တိုက်ပွဲဝင် ရဲဘော်များလက်ဝယ်တွင်ကား မီးကျိုးမောင်းပျက် လက်နက်များကသာ အများစု ဖြစ်နေသည်။ မည်သည့်အချိန်တွင်မှ လက်နက်စုံလင်မည် ဆိုသည်မှာလည်း မည်သူကမျှ ရေရေရာရာ မပြောကြသေးပေ။ ယခုလို ဖြစ်စဥ်များကရော မည်မျှ ဖြစ်နေဦးမည်လဲ။

 

လမ်းပေါ်က လူသတ်ပွဲ လူအများ သွားလာတတ်သည့် လမ်းမ တစ်ခု၌ ဖြစ်သည်။

PDF ယူနီဖောင်းများ ဝတ်ထားသည့် အမျိုးသမီးများ ပါဝင်သည့် လက်နက်ကိုင် လူတစ်စုရှိနေသည်။ သူတို့၏ ရှေ့၌ ဒူးထောက် ထိုင်လျက် လက်ထိတ်ခတ်လျက်သား အမျိုးသမီး တစ်ဦး ရှိနေသည်။ အနီးအနားတွင်လည်း ဆိုက်ကယ်များက ဥဒဟို ဖြတ်သန်းနေခဲ့သည်။

” အော်……အော် ….ကျွန်မ ပျူစောထီး လုပ်မိလို့ပါလို့ အော်။” ဟု လက်နက်ကိုင် အမျိုးသမီး တစ်ဦးက အော်ဟစ် ပြောဆိုလိုက်သည်။

လက်ကလည်း ဒူးထောက်နေသည့် အမျိုးသမီး၏ ပါးကို ဖြတ်၍ ရိုက်လိုက်သေးသည်။

” မဟုတ်ပါဘူး အစ်မရယ်” ဒူးထောက်ထားသည့် အမျိုးသမီးက လက်ထိတ်ခတ်လျက်သားဖြင့် လက်အုပ်ချီလျက် မျက်ရည်များဖြင့် ပြောနေသည်။

ထိုအခိုက် အနားမှ အမျိုးသား လက်နက်ကိုင် တစ်ဦးက အားရပါးရ လက်သီးဖြင့် ဝင်ထိုးတော့သည်။ လက်နက်ကိုင် အချို့က တားဆီး လိုက်သော်လည်း ထိုးသည့် သူက စိတ်ကြိုက် ထပ်၍ ထိုးပြီးမှ နားလိုက်သည်ကို မြင်ရသည်။

ထို့နောက်တွင်တော့ ဖမ်းဆီးခံထားရသည့် အမျိုးသမီးအား လက်နက်ကိုင် အဖွဲ့က တစ်ယောက်တစ်မျိုးစီ၊ ဒလန်ဟု လည်းကောင်း၊ ပျူစောထီးဟု လည်းကောင်း၊ ငွေမက်သူဟု လည်းကောင်း ပြောဆိုကြသည်။ လက်သီးဖြင့် ထိုးသူကလည်း တစ်ချက်တစ်ချက် ဝင်ထိုးသည်။ ပါးရိုက်သူက ရိုက်သည်။ သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်သူက ခြိမ်းခြောက်နေသည်။ ယခု မြင်ကွင်းမျိုးကို IS အစွန်းရောက် အဖွဲ့များ ထုတ်လေ့ရှိသည့် ရုပ်သံများထဲတွင် မြင်တွေ့ဖူးသည်။

မိနစ်ပိုင်းမျှ ကြာပြီးနောက် ဖမ်းဆီးထားသည့် အမျိုးသမီးကို သရဏံ ဂုံ တင်ဖို့ လက်နက်ကိုင်များက ပြောနေသည်။

” ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” တော့ မဟုတ်။ ” ကျွန်မ ဒလံပါ” ဟု ပြောခိုင်း နေခြင်းသာ ဖြစ်သည်။

ဖမ်းခံထားရသည့် အမျိုးသမီးက ငိုယိုကာ အတွင်တွင် ငြင်းဆန်နေသည်။ ရိုက်နှက်ခံထားရ၍လည်း မျက်နှာက ဖူးယောင်လျက် ရှိနေသည်။ ထို့နောက် အဆိုပါ အမျိုးသမီးအား လက်ထိပ်ဖြည်ပေး လိုက်ကြသည်။ မျက်လုံးကိုလည်း Mask အမဲတပ်၍ ဖုံးအုပ်လိုက်သည်။ သုတ်သင်ကြတော့မည် ဖြစ်သည်။ လမ်း နံဘေးတွင်လည်း ဆိုက်ကယ်များက သွားလာလျက် ရှိနေစဲ။ သို့သော် မည်သူမျှ စေ့စေ့ မကြည့်သွား။ လက်နက်ကိုင်တစ်ဦးကလည်း ဖြတ်လာသည့် ဆိုက်ကယ်များကို ဖြတ်ရန် ပြောနေသည်။ ဖမ်းထားသည့် အမျိုးသမီးကို လက်ခေါင်းပေါ် တင်ခိုင်း၍ လမ်းလယ်၌ ဒူးထောက်ခိုင်းထားလိုက်သည်။ အမျိုးသမီး လက်နက်ကိုင် တစ်ဦးထံမှ ဘာနဲ့ ပစ်ရမှာလဲ ဟူ၍ အသံ တစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် နှစ်လုံးပြူ ဆန်သည့် တူမီးတစ်လက်ဖြင့် ဒူးထောက်နေသည့် အမျိုးသမီးကို ချိန်ထားသည်။ ဖမ်းခံထားရသည့် အမျိုးသမီးထံမှ မည်သည့် အသံမျှ ထွက်မလာတော့။ ငြင်းဆန်ခြင်းလည်း မပြုတော့သည်ကို မြင်ရသည်။ တူမီးကိုင်ထားသူက သေနတ်မောင်းကို ဖြုတ်ချလိုက်သည်။ အမျိုးသမီး၏ ရင်ညွန့်တည့်တည့် နောက်ကျောဘက်သို့ ကျည်ထိမှန်ပြီး မှောက်လျက် သားလဲကြသွားသည်။

အသတ် သေမမသေ မသေချာသေးခင် တစ်စက္ကန့်မျှ အတွင်းမှပင် လက်နက်ကိုင် တစ်ဦးက အရှည် တစ်လက်ဆွဲ၍ ခေါင်းကို အားရပါးရ သုံးချက် ပစ်ချလိုက်သည်။

အဆိုပါ ရုပ်သံဖိုင် အစမှ အဆုံး နှစ်မိနစ်ကျော်ကျော်သာ ကြာမြင့်သည်။ ဖမ်းခံရသည့် အမျိုးသမီးက ဝန်ခံသွားခဲ့ခြင်း မရှိ။ ဖမ်းသည့် လက်နက်ကိုင်များကလည်း အမျိုးသမီး မည်သို့ ပြောနေ ငြင်းဆန် နေ အသနား ခံနေပါစေ ပစ်သတ်ခဲ့သည်။

 

ပထမ ရုပ်သံဖိုင်တွင်လည်း တော်လှန်ရေး ရဲဘော်သုံးဦး၏ အသက်ကို လက်လုပ် စစ်လက်နက်ပစ္စည်းက ချွေယူ ပစ်ခဲ့သည်။ ယခု မြင်ကွင်းများက တော်လှန်ရေးကာလ မြေပြင်မှာ အမှန်တကယ် ဖြစ်ခဲ့သည်။ တော်လှန်ရေး၏ အပိုင်းအစများဟုလည်း ဆို၍ ရပေမည်။ ဤ အစိတ်အပိုင်းများကို စုဆည်း၍ တော်လှန်ရေး၏ ပကတိ အရှိတရားကို ပုံဖော် နိုင်သည်။ ပကတိ အရှိတရားကို သိမှ သာလျင် အနာဂါတ်၏ လားရာအတွက်လည်း ပြင်ဆင်နိုင်မည်ဟုသာ……….။