ဟင်္သာတမြို့နယ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်သူလေးဦးကို စစ်ကောင်စီက ဖမ်းဝရမ်းထုတ်

Author ကိုပေါက်
Categories
Published on Dec 04, 2022

ဟင်္သာတမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များတွင် စစ်ကောင်စီက NLD လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးနှင့် ပြည်သူလေးဦးကို ဖမ်းဝရမ်းထုတ်ထားသည့် ဗီနိုင်းများ လိုက်ကပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်ကောင်စီတပ် ၊ရဲနှင့်ထွေအုပ်ဝန်ထမ်းများ ပါဝင်သည့် အဖွဲ့သည် ယမန်နေ့မနက်ပိုင်းမှ စတင်ကာ ဟင်္သာတမြို့ပေါ်ရှိ လမ်းဆုံလမ်းခွများတွင် ဖမ်းဝရမ်းထုတ်ထားသည့် တရားခံပြေးများဟု စွပ်စွဲကာ ဗီနိုင်းများ လိုက်လံကပ်ခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“သူတို့လုပ်ချင်တိုင်းကို လုပ်နေတာ အဲ့ဒီ ဗီနိုင်းတွေမြင်တော့ စိတ်ထဲမကောင်းဘူး သူတို့လူအုပ်စုနဲ့ပဲ သူတို့လာကပ်တာ စစ်တပ်ကတော့ လုံခြုံရေးလိုက်ယူတာပေါ့”ဟု ပြောသည်။

စစ်ကောင်စီက ဖမ်းဝရမ်းထုတ်သည့် ဗီနိုင်းများတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအေးမင်းနှင့် လေးမျက်နှာမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းသိန်း ၊ဟင်္သာတမြို့နယ်နေ ဒေါ်သင်းရွှေစင်လှိုင်၊ ဦးမောင်မောင်စန်း၊ ဦးမျိုးသူရကိုကို၊ ဦးရဲရင့်မောင်တို့ပါဝင်သည်။

ဗီနိုင်းထုတ် ဖမ်းဝရမ်းထုတ်ထားပေမဲ့ မည်သည့်ပုဒ်မဖြင့် စွပ်စွဲ အရေးယူ ဆောင်ရွက်ထားသည်ကို ထုတ်ပြန် ကြေညာထားခြင်း မရှိပေ။