မြောင်းမြမြို့တွင် လုယက်မှု၊ လူသတ်မှုများ များပြားနေသော်လည်း တရားခံဖမ်းဆီးရမိခြင်းမရှိ

Author လင်းခိုင်
Categories
Published on Dec 03, 2022

ဧရာ၀တီတိုင်း၊ မြောင်းမြမြို့တွင် လုယက်မှု၊ လူသတ်မှုများ များပြားနေသော်လည်း တရားခံ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

နို၀င်ဘာလအတွင်း သိလ္လာဂါတ်စု ရွာအနားတွင် ရေခဲချောင်းရောင်းနေသူ တစ်ဦးထံမှ ပိုက်ဆံ ကျပ်ငွေ ၃၀၀၀၀ ကို လုယက်ခံရသည့်အပြင် လုယက်သူများမှ ရေခဲချောင်းသည်ကို ဓားဖြင့် နှစ်ချက်ထိုးခဲ့ကြောင်းလည်း သိရသည်။

“ဂါတ်စုရွာထိပ်နားမှာ ရေခဲချောင်းသည်ကို လုယက်တာ ငွေကို ယူတဲ့အပြင် လူကို ဓားနဲ့ပါထိုးသွားတယ်။ တော်သေးလို့ လူမသေသွားတာ” ဟု ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

ထို့ပြင် ဒီဇင်ဘာလဆန်းပိုင်းက မြောင်းမြတစ်ဖက်ကမ်း၊ ကွယ်လယ်ကျေးရွာတွင် ဆိုင်ကယ် ကယ်ရီသမားတစ်ဦး အသတ်ခံခဲ့ရကြောင်း မြောင်းမြမြို့ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက CJ Platform သို့ပြောသည်။

“ကွယ်လယ်ကျေးရွာနားက ဘီယာဆိုင်တစ်ခုရှေ့မှ စုံတွဲတစ်တွဲ ရောင်လည်လည်လုပ်နေလို့ ကယ်ရီသမားက ဘယ်သွားမလဲဆိုပြီးမေးတယ်။ ပြီးတော့ အဲ့စုံတွဲနဲ့ လိုက်သွားတာ၊ နောက်တစ်နေ့ကျတော့ အလောင်းကို ကားလမ်းဘေးမှာ ပြန်တွေ့တာ။ တရားခံကို အခုထိမမိသေးဘူး” ဟု ပြောသည်။

ယင်းအပြင် နို၀င်ဘာလ နောက်ဆုံးပတ်အတွင်း စိုက်ဘဏ်မှ ငွေထုတ်ပြန်လာသည့် တောင်သူတစ်ဦး မြောင်းမြမြို့၊ ဇလပ်ကွင်းကျေးရွာအနီးရှိ ကိုကုလား လောင်းကစားခြံအရှေ့တွင် ငွေကျပ် ခုနှစ်သိန်း လုယက်ခံရမှု ဖြစ်စဉ်တစ်ခုလည်း ဖြစ်သွားမဲ့ပြီး လက်ရှိအချိန်ထိ တရားခံများကို ဖမ်းဆီးရမိခြင်း မရှိသေးပေ။

စစ်ကောင်စီ တိုင်းပြည်အာဏာကို လုယူခဲ့ပြီးနောက် မြန်မာနိုင်ငံနေရာအနှံ့တွင် လုယက်မှုများ၊ ခိုးယူမှုများ၊ ဓားပြမှုများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး၊ စစ်ကောင်စီက တရားခံအချို့ဖမ်းဆီးရမိသည်ဟု ထုတ်ပြန်ခဲ့သော်လည်း ခိုးဆိုး၊ လုယက်မှုများ လျော့ကျခြင်းမရှိဘဲ ပိုမိုဆိုးရွားလာလျက်ရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #မြောင်းမြမြို့ #မှုခင်း

Related News

Depend on news