မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ အုပ်ချုပ်ရေးမှူးရုံးတွင် ပေါက်ကွဲမှုဖြစ် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိ

Author ကိုပေါက်
Categories
Published on Dec 03, 2022

မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ နေ့လယ်ပိုင်းက အမည်မသိအမျိုးသားများက ဗုံးဖြင့်ပစ်ခတ်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများ ရှိသည်ဟု မြို့ခံတွေဆီက သိရသည်။

သံလျက်မှော်အရှေ့ အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ နေ့လယ် တစ်နာရီဝန်းကျင်က အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ အစည်းအဝေးလုပ်နေစဥ် ဗုံးဖြင့် လာရောက်ပစ်ခတ်ခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရုံးမှာ တံခါးပိတ်ပြီး အစည်းအဝေးလုပ်နေတာ သံပန်းတံခါးကို ဖွင့်ပြီး ဗုံးနဲ့ပစ်သွားတာ ထွက်ပြေးချိန်မရလိုက်ဘူး အကုန်ထိတာ သေတဲ့သူရော ဒဏ်ရာရသူတွေပါရှိတယ်လို့ ကြားတယ်”ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးဆန်းဝင်း အပါအဝင်လေးဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဥ် တစ်ဦးသေဆုံးသွားသည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဆေးရုံကိုပို့တဲ့အချိန် တစ်ဦးဆုံးတယ် အုပ်ကြီးလား ရာအိမ်မှူးလား သေချာတော့ မသိဘူး “ဟု ပြောသည်။

လက်ရှိအခြေအနေတွင် သံလျက်မှော်အရှေ့ အုပ်ချုပ်ရေးမှူးရုံးတွင် စစ်ကောင်စီတပ်နှင့်ရဲများက စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန္တလေး #မဟာအောင်မြေ #သံလျက်မှော်အရှေ့ #ဗုံးပေါက်