ပြည်သူများအပေါ် ကျူးလွန်မှုအားလုံးအတွက် မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်အုပ်စု ပြန်လည်ပေးဆပ်ရမည်ဟု GSC ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 02, 2022

ပြည်သူများအပေါ် ကျူးလွန်မှုအားလုံးအတွက် မင်းအောင်လှိုင်နှင့် အာဏာသိမ်းစစ်အုပ်စု ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေ သပိတ်ကော်မတီ(GSC) က ယနေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၂ ခုနှစ် နို၀င်ဘာ ၃၀ ရက်တွင် ဒဂုံတက္ကသိုလ် ၊ ကျောင်းသား ၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ၏ စစ်ခုံရုံးမှ မတရားအကြမ်းဖက် ပုဒ်များဖြင့် သေဒဏ်အမိန့် ချမှတ်ခဲ့သည့်အတွက် GSC မှ ယခုကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုတစ်ရပ်လုံး၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးအောင် နည်းအမျိုးမျိုးဖြင့် ရက်စက်ယုတ်မာခဲ့သည့် ဖြစ်ရပ်များ၊ မြန်မာတစ်နိုင်ငံလုံး အနှံ့အပြားတွင် ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များ မီးရှို့ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား မုဒိမ်းပြုကျင့်ခြင်း၊ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ သေဒဏ်ပေးခြင်း စသည့် စစ်ရာဇ၀တ်မှုများအား ဆက်တိုက် ကျူးလွန်ကြောင်း GSC က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် တော်လှန်နေသည့် ကျောင်းသားများကို သေဒဏ်ပေးခြင်းသည် အာဏာသိမ်းစစ်အုပ်စုက နောက်ထပ်ကျူးလွန်သည့် စစ်ရာဇ၀တ်မှု ဖြစ်ပြီး သေဒဏ်ပေးခြင်းကို GSC ကအပြင်းအထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ပြည်သူများအပေါ် ကျူးလွန်မှု အားလုံးအတွက် မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်အုပ်စု မလွဲမသွေ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးအတွင်း အသက်သွေးချွေးပေးဆပ်ခဲ့ကြသည့် တော်လှန်ရေးရဲဘော်များနှင့် ရန်သူ့လက်အတွင်း ဖမ်းဆီးချုပ်နှောင်ခံရဲဘော်များကိုယ်စား ကျန်ရှိသော ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အလုံးစုံဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆက်လက်ချီတက်ရန် GSC က တိုက်တွန်းထားသည်။