အချင်းချင်း လက်ညှိုးထိုး တိုက်ခိုက်မနေဘဲ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံး မြှင့်တင်ထားရန် NUG လူ့အခွင့်အရေး၀န်ကြီး ပြောကြား

Author လင်းခိုင်
Categories
Published on Nov 26, 2022

 

အချင်းချင်း လက်ညှိုးထိုး တိုက်ခိုက်မနေဘဲ တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံးမြှင့်တင်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေး၀န်ကြီး ဦးအောင်မျိုးမင်းက ပြောကြားသည်။

နို၀င်ဘာ ၂၆ ရက်(ယနေ့) သြစတေးလျနိုင်ငံ၊ ဆစ်ဒနီမြို့၌ ကျင်းပပြုလုပ်သည့် လူသားချင်းစာနာထောက် ထားမှုအကူအညီများအထောက်အကူပြုနိုင်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်တွင် ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက Zoom ဖြင့် ကျေးဇူးတင်စကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု၀န်ကြီး ဦးအောင်မျိုးမင်းက မြန်မာပြည်သူများအနေဖြင့် ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကို ကြုံတွေ့နေရသော်လည်း ယခုအထိ အရှုံးမပေး ရင်ဆိုင်တိုက်ခိုက်လျက်ရှိသည့် ပြည်သူများ၏ ရဲစွမ်းသတ္တိများသည် ဂုဏ်ယူလေးစားကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် လမ်းစဉ် ၆ခုကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် တော်လှန်ရေးသည် နည်းလမ်းတစ်ခုမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပါ၀င်နိုင်သဖြင့် ပြည်ပရောက် မြန်မာ ပြည်သူ ပြည်သားများအနေဖြင့် ထောက်ပို့တာ၀န်ယူပေးနေသည်မှာလည်း တော်လှန်ရေးဖြစ်ကြောင်း၊ မည်သည့်နေရာဒေသ ရောက်ရှိနေသည်ဖြစ်စေ တော်လှန်ရေးနှလုံးသားနှင့် တော်လှန်ရေးစိတ်ဓာတ်ကို စွဲကိုင်ထားသရွေ့တော်လှန်ရေးသမားပင်ဖြစ်သည်ဟု ပြည်ထောင်စု၀န်ကြီးက ဆိုသည်။

ယင်းအပြင် တော်လှန်ရေးတွင် အချင်းချင်း လက်ညှိုးထိုး တိုက်ခိုက်မနေဘဲ မိမိရောက်သည့် နေရာတွင် မိမိတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး တော်လှန်ရေးအောင်ရမည်ဆိုသည့် အလံကိုသာ အမြင့်ဆုံးမြှင့်တင်ထားသင့်ကြောင်း ယင်းက ဆိုသည်။

ဆက်လက်ပြီး သြစတေးလျနိုင်ငံ အစိုးရအနေဖြင့်လည်း မြန်မာနိုင်ငံအပေါ် ကူညီထောက်ပံ့မှုများ၊ အသိအမှတ်ပြုမှုများ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ လူ့အခွင့်အရေးကာကွယ်စောင့် ရှောက်သူများကို အကာအကွယ်ပေးမှုများနှင့်ပတ်သက်ပြီး ယခုထက် ပိုမိုလုပ်ဆောင်လာရန် ဆန္ဒပြုကြောင်း ပြည်ထောင်စု၀န်ကြီးက ပြောကြားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #ဦးအောင်မျိုးမင်း #လူ့အခွင့်အရေးဝန်ကြီး