လာဘ်ငွေယူ၍ ဇေကမ္ဘာဦးခင်ရွှေကို ထောင်ဝင်စာပို့ခွင့်ပေးခြင်းကြောင့် ထောင်ပိုင်တစ်ဦး အဖမ်းခံရ

Author ကိုပေါက်
Categories
Published on Nov 26, 2022

အင်းစိန်ထောင်တွင် ဗုံးပေါက်ကွဲပြီးနောက် ထောင်ဝင်စာများပိတ်ထားချိန်တွင် ဇေကမ္ဘာဦးခင်ရွှေကို ငွေကြေးရယူ၍ ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပြုခဲ့သည့် ထောင်ပိုင်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီး၍ စစ်ဆေးနေသည်ဟု အကျဥ်းဦးစီးဌာနမှ သိရသည်။

ငွေကြေးရယူ၍ ထောင်ဝင်စာ ဆက်တိုက်ပို့ခွင့်ပေးခဲ့သည့် ထောင်ပိုင်မှာ ရယူထားသည့် ငွေကြေးများ ခွဲဝေမပေးသည့်အတွက် တိုင်ကြားခံရတာဖြစ်သည်ဟု အကျဥ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောသည်။

“ပြောရရင် စားတုန်းစာကြပြီး ဝေစုမတည့်တော့ တိုင်ကြတာ အခုဖမ်းထားပြီး စစ်တပ်က စစ်ဆေးနေတယ် ထောင်ဝင်စာရော လူတွေ့ခွင့်ရော စုစုပေါင်း ခြောက်ကြိမ် ခွင့်ပြုပေးလိုက်တာ”ဟု ရှင်းပြသည်။

အဆိုပါထောင်ပိုင်ကို စစ်ကောင်စီတပ်က ရေကြည်အိုင်စစ်ကြောစခန်းတွင် ဖမ်းဆီးထားပြီး စစ်ဆေးနေပြီး ဒုညွှန်ချုပ်တစ်ဦးလည်း စစ်ဆေးသည့်အထဲတွင် ပါဝင်နေသည်ဟု ပြည်ထဲရေးနှင့် နီးစပ်သူတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်တပ်ကလည်း ပိုက်ဆံလိုနေတာ အကစ ဘက်က ရသမျှ ယူနေတော့ အဝေမတည့်လို့ ထောင်ပိုင်ကို ဖမ်းလိုက်တာ အခုကြားနေတာက အကျဥ်းဦးစီးက ဒုညွှန်ချုပ်ပါ စစ်ဆေးတဲ့အထဲ ပါနေတယ်”ဟု ရှင်းပြသည်။

နာမည်ကျော် ခရိုနီတစ်ဦးဖြစ်သည့် ဇေကမ္ဘာ ဦးခင်ရွှေနှင့် သားဖြစ်သူဇေသီဟ တို့ကို မတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ဗဟန်းမြို့မရဲစခန်းက ဖမ်းဆီးခဲ့တာဖြစ်သည်။

ဖမ်းဆီးပြီးနောက် အင်းစိန်အကျဥ်းထောင်သို့ ပို့ဆောင်ကာ ရှေးဟောင်းအဆောက်အအုံကို ခွင့်ပြုချက်မဲ့ ဖျက်ဆီးခဲ့သည့် ပုဒ်မ ၂၄ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ-လူမှုကွန်ရက်
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဇေကမ္ဘာခင်ရွှေ #အင်းစိန်ထောင်

Related News

Depend on news