နေအိမ်ထဲ တစ်ဦးတည်း ရှိနေသော မိန်းကလေးငယ်အား အိမ်တွင်း ဝင်ခိုးသည့် သူခိုးက ဓါးဖြင့် တိုက်ခိုက်၍ ထွက်ပြေး

Author မေ
Categories
Published on Nov 26, 2022

မိတ္ထီလာမြို့၌ နိုဝင်ဘာ ၂၅ရက်က နေအိမ်အတွင်း တစ်ဦးတည်း ရှိနေသော မိန်းကလေးငယ်အား အိမ်အတွင်း ဝင်ခိုးသည့် သူခိုးက ဓါးဖြင့် အချက်ပေါင်း များစွာ တိုက်ခိုက်၍ ထွက်ပြေးသွားကြောင်း သိရသည်။

မိတ္ထီလာမြို့၊ ပြည်သာယာမြောက်၊ မြင်းခြံ ၃လမ်းနှင့် ၄ လမ်းကြား၊ (ဆ) နယ်မြေရှိ နေအိမ်တစ်လုံး၌ နိုဝင်ဘာ ၂၅ရက် ည ၉ နာရီခွဲ အချိန်တွင် မိန်းကလေးငယ်တစ်ဦးတည်း ရှိနေစဉ် သူခိုးတစ်ဦးမှ ခိုးယူရန် ဝင်ရောက်လာကြောင်း သိရသည်။ နေအိမ်သို့ ရောက်ရှိလာသော သူခိုးက အိမ်၌ တစ်ဦးတည်းရှိနေသည့် မိန်းကလေးငယ်အား တွေ့ရှိပြီးနောက် ဓါးဖြင့် အချက်ပေါင်းများစွာ ထိုးကာ ထွက်ပြေးသွားကြောင်း သိရသည်။

” ကောင်မလေးက အိမ်မှာ တစ်ယောက်ထဲရှိနေတုန်း သူခိုးက ဝင်လာတာ။ ကောင်မလေးက သူခိုးကိုတွေ့တော့ သူခိုးက ဓါးနဲ့ အချက်ပေါင်းများစွာ ထိုးပြီး ထွက်ပြေးသွားတာ။ ပြတ်ရှ ဒဏ်ရာတွေက ပြင်းထန်တယ်”ဟု ကူညီပေးခဲ့သော ပြည်သာယာ လူငယ် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဓါးခုတ်ခံရသူ မိန်းကလေးငယ်မှာ အသက် ၂၁ နှစ်ဝန်းကျင် အရွယ်ရှိသူဖြစ်ပြီး ၎င်း၌ ဦးခေါင်း၊ လက်နှစ်ဖက်၊ ကျောပြင်အပါအဝင် ဓါးခုတ်ဒဏ်ရာ အများအပြား ရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူမှာ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ လုယက်သတ်ဖြစ်မှု အများအပြား ဖြစ်ပွားခဲ့သည်။ ထိုမှုခင်း ဖြစ်စဉ်များကြောင့် ပြည်သူများ အနေဖြင့် နေအိမ်အတွင်း နေထိုင်စဉ်ပင် လုံခြုံမှု မရှိတော့သည့် အခြေအနေသို့ ရောက်ရှိနေကြောင်းလည်း သိရသည်။

ဓာတ်ပုံ- ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မိတ္ထီလာမြို့ #သူခိုး