ဘက်စုံသုံးတိုက်လေယာဉ် Su-30SME အမျိုးအစား လေယာဉ်ခြောက်စင်းစလုံးကို ရုရှားကနေ မြန်မာကို ပို့ဆောင်ပြီးစီး
ရုရှားနဲ့မြန်မာကြား ၂၀၁၈ ခုနှစ်မှာ ချုပ်ဆိုထားတဲ့ ကန်ထရိုက်စာချုပ်အရ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိတဲ့ ဆူခွိုင်း ၃၀ (Su-30SME) ဘက်စုံသုံး တိုက်လေယာဉ်ခြောက်စင်းစလုံးကို ရုရှားကနေ မြန်မာကို ပေးပို့ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာထုတ်ပြန်တဲ့ ရုရှားအခြေစိုက် သုတေသနအဖွဲ့ TSAMTO ရဲ့ အစီရင်ခံစာအရ သိရပါတယ်။
ရုရှားရဲ့ချေးငွေထောက်ပံ့မှုနဲ့ နောက်ဆုံးကျန်ရှိနေတဲ့ တိုက်လေယာဉ်နှစ်စင်းကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့မှာ တရားဝင်အပြီးသတ် လွှဲပြောင်းပေးပို့ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့တပ်မတော် (လေ) ရဲ့ ၇၇ နှစ်မြောက်အဖြစ် မန္တလေးတိုင်း မိတ္ထီလာမြို့မှာ ကျင်းပတဲ့ အခမ်းအနားမှာ ကျန်ရှိတဲ့ တိုက်လေယာဉ်တွေကို တရားဝင် လွှဲပြောင်းပေးအပ်ခဲ့တာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ အရင်က တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ်တဲ့ JF-17 တိုက်လေယာဉ်တွေ ပိုင်ဆိုင်ခဲ့ပေမဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
JF -17 တိုက်လေယာဉ်တွေဟာ ၁၉၉၀ ခုနှစ်တွေကနေ စတင်ခဲ့တဲ့ မြန်မာ့လေတပ်ရဲ့ ခေတ်မီ အဆင့်မြှင့်တင်မှုမှာ တရုတ်ထုတ် Nanchang Q-5s နဲ့ Chengdu J-7s စတဲ့ တိုက်လေယာဉ်တွေနဲ့အတူ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဒါကြောင့် အစပိုင်းမှာ JF-17 တိုက်လေယာဉ် ၁၆ စင်းကို မြန်မာ့လေတပ်အတွက်ဝယ်ယူခဲ့ပေမဲ့ နည်းပညာဆိုင်ရာ အခက်အခဲတွေ မကြာခဏ ရှိလာတာကြောင့် နောက်ပိုင်းမှာ ရုရှားထုတ် ဆူခွိုင်း ၃၀ တိုက်လေယာဉ်တွေကို ဦးစားပေး ဝယ်ယူဖို့ လုပ်ဆောင်လာပါတယ်။
ဆူခွိုင်း ၃၀ SME တိုက်လေယာဉ်တွေဟာ JF-17 တိုက်လေယာဉ်တွေထက်စာရင် အမြန်နှုန်း၊ အမြင့်ပျံနိုင်စွမ်းနဲ့ ဝန်တင်ဆောင်နိုင်မှုတွေမှာ အားသာချက်တွေရှိပါတယ်။
ဒါပေမဲ့ JF-17 တိုက်လေယာဉ်တွေကလည်း စစ်ဆင်ရေးကုန်ကျစရိတ် နည်းပါးပြီး ထောက်ပံ့ပို့ဆောင်ရေးအတွက် ရိုးရှင်းလွယ်ကူတာကြောင့် စွမ်းဆောင်ရည်နဲ့ ငွေကြေးတတ်နိုင်စွမ်း ဟန်ချက်ညီအောင် လုပ်ဆောင်နေရတဲ့ လေတပ်တွေအတွက်ကတော့ ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
ဆူခွိုင်း ၃၀ SME နဲ့ JF-17 တိုက်လေယာဉ်တွေဟာ မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖန်တီးထုတ်လုပ်ထားကြတာဖြစ်ပါတယ်။
ဆူခွိုင်း ၃၀ SME တိုက်လေယာဉ်ဟာ ရုရှားလုပ် အင်ဂျင်နှစ်လုံးတပ်ထားပြီး လူနှစ်ဦး လိုက်ပါနိုင်တဲ့ ဆူခွိုင်း ၃၀ တိုက်လေယာဉ်တွေရဲ့ မူကွဲအမျိုးအစားဖြစ်ပြီး အကွာအဝေးပိုမိုလိုအပ်သလို ဝန်တင်ဆောင်မှုများများ လိုအပ်တဲ့ စစ်ဆင်ရေးတွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
အဲဒီလေယာဉ်တွေဟာ အသံထက်နှစ်ဆပိုမြန်အောင် (Mach 2.0) ပျံသန်းနိုင်သလို အမြင့်ဆုံးအဖြစ် မီတာ ၁၇,၃၀၀ အထိပျံတက်နိုင်ပြီး လောင်စာဆီ အပြည့်ဖြည့်ထားရင် ကီလိုမီတာ ၃,၀၀၀ အထိ ပျံသန်းနိုင်ပါတယ်။ ဒါ့အပြင် မတူညီတဲ့ လက်နက်မျိုးစုံကို သယ်ဆောင်နိုင်တဲ့ နေရာ ၁၂ နေရာလည်း ပါဝင်ပါတယ်။
တရုတ်နဲ့ ပါကစ္စတန်တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ JF-17 တိုက်လေယာဉ်ကတော့ အင်ဂျင်တစ်လုံးတပ်လေယာဉ်ဖြစ်ပြီး လူတစ်ဦးသာ လိုက်ပါစီးနင်းနိုင်ပါတယ်။
အမြန်ဆုံးအဖြစ် အသံထက် ၁ ဒသမ ၆ ဆ မြန်အောင် မောင်းနှင်နိုင်သလို အမြင့်ဆုံးအဖြစ် ၁၆,၉၂၀ မီတာအထိ ပျံသန်းနိုင်ပါတယ်။
အကွာအဝေးအဖြစ် ၃,၄၈၂ ကီလိုမီတာအဖြစ်ပျံသန်းနိုင်ပြီး လက်နက်တပ်ဆင်ဖို့ နေရာ ၇ နေရာသာ ပါဝင်ပါတယ်။ ဒါကြောင့် ဒီလေယာဉ်တွေဟာ စစ်ဆင်ရေးကုန်ကျစရိတ် ချွေတာဖို့နဲ့ ထောက်ပံ့ပို့ဆောင်ရေးအတွက် လွယ်ကူရိုးစင်းမှုကို ဦးစားပေး ထုတ်လုပ်ထားတာဖြစ်ပါတယ်။
မြန်မာ့လေတပ်မှာ နိုင်ငံအသီးသီးကနေ ဝယ်ယူထားတဲ့ လေယာဉ်မျိုးစုံရှိပါတယ်။ လေယာဉ်မျိုးစုံထဲမှာ ရုရှားကနေဝယ်ယူထားတဲ့ MiG-29s ၂၆ စင်း၊ Yak-130s ၁၈ စင်း၊ Mi-24 နဲ့ Mi-17ရဟတ်ယာဉ်တွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင်တရုတ်ကနေ ဝယ်ယူထားတဲ့ FTC-2000G တိုက်လေယာဉ်တွေ၊ K-8W လေ့ကျင့်ရေးလေယာဉ်တွေနဲ့ Y-8 သယ်ယူပို့ဆောင်ရေးလေယာဉ်တွေလည်း ပါဝင်ပါတယ်။
ဥရောပလုပ် Grob G120TP နဲ့ ATR-42 တို့လို လေ့ကျင့်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလေယာဉ်တချို့ကိုလည်း မြန်မာလေတပ်က ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။
မြန်မာ့လေတပ်ဟာ ပိုမို ခေတ်မီအောင် ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ရေဒါနဲ့ အီလက်ထရောနစ် စစ်ဆင်ရေးစနစ်တွေကိုလည်း အဆင့်မြှင့်တင်ခဲ့တယ်လို့လည်း သိရပါတယ်။
နောက်ဆုံးပေးအပ်ခဲ့တဲ့ ဆူခွိုင်း ၃၀ တိုက်လေယာဉ်တွေအတွက် သဘောတူညီချက်ကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှာ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂိုင်းရွှိုင်ဂူ (Sergei Shoigu) မြန်မာကို လာရောက်လည်ပတ်စဉ်မှာ သဘောတူညီမှု ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံအတွက် ရောင်းချတဲ့ ပထမဦးဆုံး ဆူခွိုင်း ၃၀ SME တိုက်လေယာဉ် နှစ်စင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာမှာ တပ်တော်ဝင်ခဲ့ပြီး ဒုတိယအသုတ် နှစ်စင်းကတော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမမှာ တပ်တော်ဝင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးကျန်ရှိတဲ့ နှစ်စင်းကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာ့လေတပ်ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ တပ်တော်ဝင်ခဲ့တာဖြစ်ပါတယ်။
ဆူခွိုင်း ၃၀ လေယာဉ်တွေ တပ်တော်ဝင်မှုတွေဟာ လေတပ်ရဲ့ နှစ်ပတ်လည်နေ့တွေမှာသာ ပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာ့လေတပ်ဟာ နေ့စဉ်နဲ့အမျှ အဆင့်မြှင့်တင်မှုတွေ လုပ်ဆောင်နိုင်ဖို့ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
လေယာဉ်လွှဲပြောင်းမှုတိုင်းမှာ လေယာဉ်ကိုအဆင့်သင့် အသုံးပြုနိုင်ဖို့အတွက် လေ့ကျင့်ရေးနဲ့ နည်းပညာအဖွဲ့တွေကလည်း အတူတကွ လိုက်ပါလာလေ့ရှိတယ်လို့ ဆိုပါတယ်။
ဝယ်ယူထားတဲ့ Su 30 SME လေယာဉ်တွေဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်ဖို့အတွက် နေပြည်တော်က လေတပ်စခန်းမှာ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။
မြန်မာစစ်တပ်ဟာ လက်ရှိမှာ နိုင်ငံအနှံ့ဖြစ်ပေါ်နေတဲ့ တော်လှန်မှုတွေကို နှိမ်နင်းနိုင်ဖို့ အာရုံစိုက်လုပ်ဆောင်နေပြီး ပဋိပက္ခဖြစ်ပွားရာ ဒေသမှာရှိနေတဲ့ စစ်တပ်အဖွဲ့ဝင်တွေအတွက် လေကြောင်းကနေ ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်တာ၊ သယ်ယူပို့ဆောင်တာနဲ့ တော်လှန်ရေးအင်အားစုတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေကိုလည်း လုပ်ဆောင်နေပါတယ်။
ဒါကြောင့် ရုရှားဘက်က အခုလိုမျိုး ဘက်စုံသုံး တိုက်လေယာဥ်အသစ်တွေ ပေးပို့တာဟာ မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဗျူဟာအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကနေစလို့ မြန်မာလေတပ်ဟာ အရပ်သားတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးရသလို နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ မြန်မာ့လေတပ်ဟာ JF-17 လေယာဉ်ရဲ့ တည်ဆောက်ပုံ ချို့ယွင်းချက်အပါအဝင် နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်ချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် လေယာဉ်တချို့ကို မြေပြင်မှာပဲ ရပ်ထားနေရပါတယ်။
ဒါ့အပြင် လေယာဉ်တွေကို ထိခိုက်ပျက်စီးစေခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေကိုပါ ရင်ဆိုင်ဖြေရှင်းနေရပါတယ်။
ဒါကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ မြန်မာစစ်တပ်အတွက် အရင်းအမြစ်နဲ့ စစ်ဆင်ရေးစွမ်းဆောင်ရည်အပေါ် စိန်ခေါ်မှု အများအပြား ဖြစ်စေခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ထိန်းချုပ်ဖို့ အခက်အခဲတွေလည်း ကြုံတွေ့နေရပါတယ်။
Su-30SME လေယာဉ်တွေရာ ရုရှားရဲ့ Au-30SM တိုက်လေယာဉ်ရဲ့ မျိုးကွဲဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ စင်္ကာပူမှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲမှာ ပထမဦးဆုံးအကြိမ် ထုတ်ပြခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီ လေယာဉ်တွေကို ရုရှားထုတ် လေယာဉ်ထုတ်လုပ်တဲ့ အီလက်ထရွန်နစ် နည်းပညာတွေတပ်ဆင်ထားတာဖြစ်ပြီး Su-30MKI လို အခြားမျိုးကွဲတွေမှာ တွေ့ရတဲ့ နိုင်ငံခြားကအစိတ်အပိုင်းတွေမှာ အစားထိုးထားတာဖြစ်ပါတယ်။
ဒါ့အပြင် လေယာဉ်တွေကို လေကြောင်းတိုက်ပွဲတွေ၊ မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်တာတွေနဲ့ ကင်းထောက်စစ်ဆင်ရေးတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။
အများဆုံးပျံသန်းနိုင်တဲ့ အကွာအဝေး ၃,၀၀၀ သာရှိပေမဲ့ ပျံသန်းစဉ်လေယာဉ်ဆီဖြည့်တင်းပြီး ဆက်လက်ပျံသန်းမှုတွေ လုပ်ဆောင်နိုင်ပါတယ်။
ဆူခွိုင်း ၃၀ လေယာဉ် အုပ်စုမှာ Su-30MKI, Su-30MKA နဲ့ Su- 30MKM တို့လိုမျိုးကွဲတွေလည်း ရှိပါသေးတယ်။ ဆူခွိုင်း ၃၀ လေယာဉ်တွေကို အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နဲ့ အယ်ဂျီးရီးယားအပါအဝင် နိုင်ငံအများအပြားမှာ အသုံးပြုနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အထိ အစင်းရေ ၆၅၀ ကျော်ထုတ်လုပ်ခဲ့ပြီး လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးနှစ်မျိုးစလုံးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပါတယ်။
ဓာတ်ပုံ – Russia MOD
ပုံစာ- Su-30SME ဘက်စုံသုံး တိုက်လေယာဉ်ကို တွေ့မြင်ရစဉ်
ကိုးကား – Global Defence News