သဃ်န်းကျွန်းမြို့နယ်တွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ

Author ကိုပေါက်
Categories
Published on Nov 24, 2022

သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ဗိုလ်ချုပ်ရွာတွင် ယနေ့ နံနက်ပိုင်းက အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရသည်ဟု မြို့ခံတွေဆီက သိရသည်။

သုဝဏ္ဏ ၂၃ ရပ်ကွက် ကံ့ကော်မြိုင်လမ်းနှင့် အင်းကြင်းမြိုင်လမ်းသွယ်တွင် နေထိုင်သည့် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦးကို ယနေ့ မနက်ရှစ်နာရီက အမည်မသိအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အငြိမ်းစားယူထားတာ မကြာသေးဘူး သစ်ပင်တွေ ရေလောင်းနေတဲ့အချိန်လမ်းလျှောက်လာတဲ့ လူတစ်ဦးက ပစ်သွားတာ”ဟု ပြောသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်မှ အငြိမ်းစားယူထားသည့် ဗိုလ်မှုးကြီးဇော်နိူင်ဝင်းဖြစ်ပြီး ရင်ဘတ်တွင်ကျည်ထိမှန်ဒဏ်ရာရရှိကာ မဂ်လာဒုံအမှတ် ၂ စစ်ဆေးရုံကို ပို့ဆောင်ထားသည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သေဖို့များတယ် အခြေအနေမကောင်းဘူး စစ်သားတွေရော ရဲတွေရော ဆေးရုံမှာ လုံခြုံရေးယူထားတယ်”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ လမ်းဆုံများ၌ စစ်ကောင်စီတပ်နှင့်ရဲများက အိမ်စီးကားများကိုစစ်ဆေးမှုတွေပြုလုပ်နေသည်ဟု သိရသည်။