IBEST SCHOOL အချက်အလက်များ စစ်လော်ဘီ ဟန်ငြိမ်းဦးမှ ဖော်ပြခဲ့သည့်အတွက် အရေးပေါ်အခြေနေအရ ကျောင်းပိတ်ထားရ

Author လင်းခိုင်
Categories
Published on Nov 24, 2022

 

အွန်လိုင်းပညာရေးစနစ်ဖြင့် သင်ကြားပေးနေသည့် IBEST SCHOOL အချက်အလက်များ ဟန်ငြိမ်းဦးမှ ဖော်ပြခဲ့သည့်အတွက် အရေးပေါ်အခြေအနေအရ ကျောင်းပိတ်ထားကြောင်း IBEST SCHOOLမှ နို၀င်ဘာ ၂၃ ရက် ည ၁၁နာရီ မိနစ် ၃၀ ခန့်တွင် ထုတ်ပြန်ခဲ့သည်။

IBEST SCHOOL၏ ကျောင်းသားစာရင်း အချက်အလက်အချို့ကို ဟန်ငြိမ်းဦး တယ်လီဂရမ် မှ ဖော်ပြခဲ့ကြောင်း၊ ဖော်ပြပါ အချက်အလက်များသည် IBEST SCHOOL၏ ၂၀၂၂ ခုနှစ် ဇွန်လတွင် အတန်းအလိုက်၊ သက်ဆိုင်ရာ ကျောင်းသား code နံပါတ်များ မပေးမီ အချိန်က Batch-1 G10 section (b) Group တွင် ကျောင်းသားစာရင်းအား အတည်ပြုချပြခဲ့သည့် အချက်အလက်များ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ဟန်ငြိမ်းဦး တယ်လီဂရမ်တွင် ဖော်ပြထားသည့် ပုံများသည် ၂၀၂၂ ခုနှစ် ဇူလိုင်လက screenshot ယူထားခြင်းခံရသည့် ပုံများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ကျောင်းသားအချို့သည်လည်း ယခုအချိန်တွင် ကျောင်းထွက်ပြီးသူများ ပါ၀င်လျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ် ဇူလိုင်မှ စတင်ကာ IBEST SCHOOL အနေဖြင့် အတန်းအသီးသီးရှိ တယ်လီဂရမ် ဂရုများကို လုံခြုံရေးအဆင့်မြှင့်တင်ခဲ့ပြီး တယ်လီဂရမ် ချန်နယ်အဖြစ် ပြောင်းလဲပြီး၊ အချိန်က Batch-1 G10 section (b) Group နှင့် အတန်းအသီးသီးရှိ တယ်လီဂရမ် ဂရု အဟောင်းများကို ဖျက်သိမ်းခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ယခုပေါက်ကြားသည့် အချက်အလက်များသည် ၂၀၂၂ ခုနှစ် ဇူလိုင်လက တိတ်တဆိတ် screenshot ယူထားခြင်းခံရသည့် ဖြစ်ရပ်ဖြစ်ပြီး ယခုလက်ရှိ ကျောင်းလည်ပတ် အသုံးပြုနေသည့် အချက်အလက်များ လုံး၀ပါ၀င်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုဖြစ်စဉ်ဖြစ်ပွားပြီးနှင့် တပြိုင်နက် အရေးပေါ် လုံခြုံရေးအစီအမံများပြုလုပ်ကာ လုံခြုံရေးအဆင့်မြှင့်တင် ဆောင်ရွက်နေကြောင်း၊ ကျောင်းသူ၊ ကျောင်းသား၊ ဆရာ၊ ဆရာမများကိုလည်း လုံခြုံရေးဆိုင်ရာ သတိပေးချက်ကို အချိန်နှင့် တပြေးညီ ထုတ်ပြန်နေပြီး အန္တရာယ်ကင်းရန် ကြိုးပမ်းနေသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

IBEST SCHOOL အတန်းအသီးသီးကိုလည်း အရေးပေါ် အခြေအနေအရ ကျောင်းပိတ်ထားကြောင်း၊ ကျောင်းကြီးကြပ်ရေးကော်မတီအနေဖြင့် တာ၀န်ယူမှု၊ တာ၀န်ခံမှု အပြည့်အ၀ ဆောင်ရွက်နေကာ၊ NUG ပညာရေး၀န်ကြီးဌာနသို့လည်း အစီရင်ခံတင်ပြထားပြီး၊ မြို့နယ်အဆင့် သက်ဆိုင်ရာအဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်းပြီး စုံစမ်းစစ်ဆေးခြင်းနှင့် အရေးပေါ်ဆောင်ရွက်စရာရှိသည်များကို ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အွန်လိုင်းပညာရေး #ဟန်ငြိမ်းဦး