စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် လက်နက်ကိုင်အစုအဖွဲ့များ၏ မတော်မတရားပြုကျင့်မှုများကို မှတ်တမ်းနှင့်တကွ ပေးပို့ရန် တရားရေး၀န်ကြီးဌာန ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Nov 14, 2022

အကြမ်းစစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် လက်နက်ကိုင်အစုအဖွဲ့များ၏ မတော်မတရားပြုကျင့်မှုများကို မှတ်တမ်းနှင့် တကွ ပေးပို့ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာနက နို၀င်ဘာ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

NUG ၊ တရားရေး၀န်ကြီးဌာန၊ တရားဥပဒေစိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာဦးစီးဌာန အနေဖြင့် ကြားကာလအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ဦးစီးဌာန အနေဖြင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများ စစ်တမ်းကောက်ယူခြင်း၊ စစ်ဘက်ဆိုင်ရာဥပဒေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆိုင်ရာ ဥပဒေများ၊ စစ်ဘက်ဆိုင်ရာ အမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်တွင် ပူးပေါင်းထောက်ကူခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များနှင့် ပြည်သူတို့၏ နစ်နာမှုများအား အကာအကွယ်ပေးခြင်း၊ ပြန်လည်ကုစားပေးခြင်းတို့ကို ဖော်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မိမိတို့ နယ်မြေဒေသများအတွင်း ဖြစ်ပွားလျက်ရှိသည့် စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များ၊ လက်နက်ကိုင်အစုအဖွဲ့များ၏ မတော်မတရားပြုကျင့်မှုများ၊ ထိခိုက်နစ်နာမှုများ၊ ဆုံးရှုံးမှုများ၊ ဖြစ်စဉ်အကျိုးအကြောင်း မှတ်တမ်းအထောက်အထားများနှင့် တကွ ယုံကြည်စိတ်ချစွာဖြင့် ပေးပို့ရန် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ပြင် ပေးပို့သူများ၏ သတင်းအချက်အလက်လုံခြုံမှုကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဟု တရားရေး၀န်ကြီးဌာနက ဆိုသည်။

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #NUG #တရားရေးဝန်ကြီးဌာန

Related News

Depend on news