ဒဂုံဆိပ်ကမ်း ၆၀ ရပ်ကွက် ကျူးကျော်များကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကုမ္ပဏီမှ ပူးပေါင်းနှင်ထုတ်

Author ကိုပေါက်
Categories
Published on Nov 13, 2022

 

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၀ ရပ်ကွက် ရတနာလမ်းသွယ် ပလပ်မြေရှိ ကျူးကျော်နေထိုင်သူများကို ရပ်ကွက်အုပ်ချုပ်ရေးနှင့် ကုမ္ပဏီတို့ ပူးပေါင်း၍ ဖျက်သိမ်းပေးရန် ဖိအားပေးမှုများရှိနေ၍ အခက်အခဲ ဖြစ်နေရသည်ဟု ကျူးကျော်နေထိုင်သူတွေဆီက သိရသည်။

ကျူးကျော်နေထိုင်သူတွေကို ငါးယောက်လျှင် တစ်ဖွဲ့နှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ခေါ်ကာ နေထိုင်ရာနေရာမှ ဇန်နဝါရီလအတွင်းအပြီး ဖျက်သိမ်းပေးရန် လက်မှတ်ထိုးခိုင်သည်ဟု ကျူးကျော်နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အုပ်ချုပ်ရေးမှူးရယ် ရာအိမ်မှူးရယ် ကုမ္ပဏီက တစ်ယောက်ပါတယ် ငါးယောက်တစ်ဖွဲ့ခေါ်ပြီး ၁ လပိုင်း ၂၀

ရက်နေ့ ပြောင်းပေးဖို့ လက်မှတ်ထိုးခိုင်းတယ် မဖျက်ဘူးဆို စစ်တပ်ခေါ်ဖျက်မယ်နဲ့ ခြိမ်းခြောက်တယ်”ဟု ပြောသည်။

၆၀ ရပ်ကွက် ရတနာလမ်းသွယ်ရှိ မြေကွက်မှာ ပလပ်မြေ ဖြစ်သည့်အတွက် ကုမ္ပဏီက မြေဂရန်လျှောက်ထားလို၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို ငွေပေး၍ အခုလိုပြုလုပ်ခိုင်းတာ ဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ရာအိမ်မှူးက အရင်လာပြီး ငွေနှစ်သိန်းပေးတယ် အိမ်တွေဖျက်ပေးဆိုပြီး ကျနော်တို့က မဖျက်တော့ ရုံးခေါ်ပြီး ခြိမ်းခြောက်တာ အမှန်ဆိုဒီမြေကွက်က ပလပ်မြေ ကုမ္ပဏီနဲ့ အုပ်ချုပ်ရေးပေါင်းပြီး မြေကွက်လျှောက်မလို့”ဟု ပြောသည်။

ကုန်စျေးနှုန်းကြီးမြင့်ပြီး အလုပ်အကိုင်ရှားပါးမှုကြောင့် နေအိမ်များဖျက်၍ အခြားအရပ်ဒေသသို့ ပြောင်းရွေ့ရန်မှာ ခက်ခဲသည်ဟု ကျူးကျော်နေထိုင်သူတစ်ဦးက သူ၏ဒုက္ခကို ပြောပြသည်။

“အလုပ်ကပုံမှန်မရှိဘူးဗျာ နောက်တစ်ခု အိမ်ခန်းဌားခတွေကလည်း စျေးကြီးတယ် မိသားစုများရင် အဆောင်တွေက လက်မခံဘူး အခုကာလမှာ ပြောင်းပေးဖို့ အဆင်မပြေဘူး”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် ရတနာလမ်းသွယ် ပလပ်မြေတွင် နေထိုင်သူ အိမ်ထောင်စုတစ်ရာကျော်ရှိပြီး အုပ်ချုပ်ရေးက စစ်ကောင်စီတပ်နှင့် ပူးပေါင်း၍ လာရောက်ဖျက်မှာစိုးရိမ်နေကြသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ဓာတ်ပုံ- CJ

ပုံစာညွှန်း- တောင်ဒဂုံဆိပ်ကမ်းရှိ ကျူးကျော်တဲများဖျက်ဆီးခံရပုံ ပုံအဟောင်း

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဒဂုံဆိပ်ကမ်း #ကျူးကျော် #ပလပ်မြေ