ကိုးတောင်ဘို့တိုက်ပွဲမှာ စစ်အုပ်စု ၂၀ ခန့် သေဆုံးပြီး သုံ့ပန်းတစ်ဦး ဖမ်းမိ၊ စစ်ကြောင်းဆက်ရှိနေ၍ ဒေသခံ သောင်းနဲ့ချီ နေရပ်မပြန်နိုင်သေး

Author CJ Platform
Categories
Published on Nov 17, 2026

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စုဘက်က ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး WY စိတ်ကြွဆေးပြားတွေနဲ့အတူ စစ်သုံ့ပန်းတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

 

စစ်အုပ်စုရဲ့ တပ်မ ၃၃ လက်အောက်ခံ နည်းဗျူဟာမှူး ကျော်ဆန်းဝင်း ဦးဆောင်တဲ့ ဝန်းသိုအခြေစိုက် ခမရ-၁၁၁ နဲ့ ခမရ-၁၂၀ ပူးပေါင်းအင်အား ၄၀၀ ခန့်ပါ စစ်ကြောင်းဟာ နိုဝင်ဘာ ၁၂ ရက်ကစပြီး ကောလင်းမြို့နယ်ဘက်ကနေ ကိုးတောင်ဘို့ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။

 

နိုဝင်ဘာ ၁၃ ရက်ကနေ ၁၅ ရက်အထိ ကိုးတောင်ဘို့ရွာနဲ့ မိဿလင်ကုန်းရွာအကြား တော်လှန်ရေးအင်အားစုတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က ၂၀ ဦးခန့် ထိခိုက်သေဆုံးခဲ့ပြီး ခမရ-၁၁၁ က တပ်သားတစ်ဦးကို WY စိတ်ကြွဆေးပြားတွေနဲ့ ငွေသားအချို့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

 

ဖမ်းဆီးရမိတဲ့ အသက်ကြီးပိုင်း စစ်သုံ့ပန်းက စစ်ကြောင်းထိုးတိုက်ခိုက်ရာမှာ ရှေ့မတက်ရဲရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့အပြင် စစ်ကြောင်းအတွင်း WY စိတ်ကြွဆေးပြားတွေကို ခွဲတမ်းနဲ့ ဝေပေးကြောင်း ထုတ်ဖော်ပြောဆိုထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ထိတွေ့တိုက်ပွဲတွေအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုဟာ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းမှာ တံတားဦးလေတပ်က တက်လာတဲ့ Y-12 လေယာဉ်တစ်စင်းနဲ့ ၁၃ ကြိမ်တိုင် လေကြောင်းပစ်ကူပေးခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ ရက်မှာ ဇော်ချောင်းရွာနဲ့ သင်တောရွာရှိ ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၁၇ ရက် မနက်ပိုင်းမှာ အထက်ပါ ကောလင်း-ကိုးတောင်ဘို့ဘက်က ဆင်းလာတဲ့ စစ်ကြောင်းဟာ ချပ်သင်းတိုက်နယ် မြောက်ဘက်ခြမ်းမှာ ယာယီတပ်စွဲထားဆဲဖြစ်ပြီး အရှေ့ဘက်ဗျူဟာလမ်းက စစ်ကြောင်းကလည်း ဥတုံးပင်ကျေးရွာအနီးတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားနေဆဲဖြစ်တယ်လို့ မြေပြင်သတင်းတွေ စုစည်းဖော်ပြနေတဲ့ Infinity Group က အသိပေးထားပါတယ်။

 

ဒါ့အပြင် မနေ့ညပိုင်းကလည်း ကန့်ဘလူအခြေစိုက် အမှတ် ၆၀၀၆ တင့်ကားတပ်ရင်းကနေ ကျွန်းလှမြို့ဘက်ကို စစ်ရေးလှုပ်ရှားမှုရှိခဲ့ပြီး ကန့်ဘလူ-ကောလင်း ခရိုင်ချင်းဆက်လမ်းမတစ်လျှောက် စစ်ကြောင်းတွေ ညှပ်ထိုးဝင်လာနိုင်တာကြောင့် ဒေသခံတွေ သတင်းနားစွင့်ကြဖို့ Infinity Group က သတိပေးထားပါတယ်။

 

လက်ရှိမှာ စစ်ကြောင်းရွေ့လျားရာ လမ်းကြောင်းတစ်လျှောက် လုံခြုံစိတ်ချရတဲ့ အခြေအနေ မရှိသေးတာကြောင့် ကိုးတောင်ဘို့၊ ချပ်သင်းနဲ့ ကန့်ဘလူတိုက်နယ် သုံးခုက စစ်ဘေးရှောင်ပြည်သူ သောင်းနဲ့ချီ နေရပ်မပြန်နိုင်သေးကြောင်း သိရပါတယ်။

 

 

 

Related News

Depend on news