အမေရိကန်က ကရင်ပြည်ရှိ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်ပြီး သတင်းပေးသူကို ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်
မြန်မာနိုင်ငံ ကရင်ပြည်အတွင်းရှိ Tai Chang ကျားဖြန့်လုပ်ငန်းဝင်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးခဝါချမှုကနေ ရရှိထားတဲ့ ငွေကြေးတွေကို သိမ်းဆည်းနိုင်ဖို့ သို့မဟုတ် ပြန်လည်ရယူနိုင်ဖို့ အထောက်အကူပြုမယ့် သတင်းအချက်အလက်ပေးသူကို အမေရိကန်အစိုးရက ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမယ်လို့ ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးနဲ့ ဥပဒေစိုးမိုးရေးဗျူရို (INL) က ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပြီး အမေရိကန်တရားရေးဝန်ကြီးဌာနရဲ့ Scam Center Strike Force လို့ခေါ်တဲ့ ကျားဖြန့်လုပ်ငန်းတိုက်ဖျက်ရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။
အဲဒီဆုကြေးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုဆိုင်ရာ ဆုကြေးအစီအစဉ် (Transnational Organized Crime Rewards Program – TOCRP) အောက်မှာ ထုတ်ပေးတာဖြစ်ပြီး Tai Chang လုပ်ငန်းဝင်းတွေကနေ လုပ်ကိုင်တဲ့ အွန်လိုင်းလိမ်လည်မှုတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးခဝါချမှုရန်ပုံငွေတွေကို သိမ်းဆည်းနိုင်ရေး၊ ပြန်လည်ရယူနိုင်ရေးအတွက် အထောက်အကူပြုမယ့် သတင်းအချက်အလက်တွေကို ရှာဖွေနေတာဖြစ်ပါတယ်။
အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်အရ သတင်းပေးသူတွေရဲ့ အမည်နဲ့ ကိုယ်ရေးအချက်အလက်တွေကို တင်းကျပ်စွာ လျှို့ဝှက်ထားမယ်လို့ သိရပါတယ်။ အမေရိကန်နိုင်ငံသားတွေအနေနဲ့ FBI ကို ဆက်သွယ်နိုင်ပြီး အမေရိကန်ပြင်ပမှာ ရှိသူတွေကလည်း အနီးဆုံး အမေရိကန်သံရုံး ဒါမှမဟုတ် ကောင်စစ်ဝန်ရုံးကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။
Tai Chang ကျားဖြန့်လုပ်ငန်းဝင်းဟာ ကရင်ပြည်၊ မြဝတီမြို့နယ်အနီး ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မျက်နှာချင်းဆိုင် ကျောက်ခတ် (Kyaukhat) ဒေသမှာ တည်ရှိတယ်လို့ ဆိုပါတယ်။
အမေရိကန်တရားရေးဌာနရဲ့ ၂၀၂၆ ခုနှစ် ဧပြီလအတွင်း တရားရုံးကို တင်သွင်းခဲ့တဲ့ FBI အေးဂျင့်တစ်ဦးရဲ့ ကျမ်းကျိန်ထွက်ဆိုချက်နဲ့ သိမ်းဆည်းခွင့်တောင်းခံစာရွက်စာတမ်းတွေမှာ Tai Chang လုပ်ငန်းဝင်းကို အဓိကနေရာ ၃ ခုအဖြစ် ဖော်ပြထားပါတယ်။
အဲဒီနေရာတွေကို Tai Chang 1.0၊ Tai Chang 2.0 နဲ့ Tai Chang 3.0 လို့ ခေါ်ဆိုထားပါတယ်။ Tai Chang 1.0 ကို Ko Sai Casino သို့မဟုတ် Kyauk Khat Casino လို့လည်း လူသိများပြီး Tai Chang 2.0 ကိုတော့ Taih သို့မဟုတ် Qingsong လို့လည်း ခေါ်ဆိုကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်တရားရေးဌာနရဲ့ စာရွက်စာတမ်းတွေအရ Tai Chang 1.0 လုပ်ငန်းဝင်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာ DKBA ရဲ့ ဗိုလ်မှူးချုပ် စိုင်းကျော်လှနဲ့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေက စတင်တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၆ ခုနှစ်အစောပိုင်းမှာ အဲဒီလုပ်ငန်းဝင်းအနီး နောက်ထပ်လုပ်ငန်းဝင်းငယ် ၂ ခုကို တွေ့ရှိခဲ့ပြီး Tai Chang 2.0 နဲ့ 3.0 အဖြစ် သတ်မှတ်ထားကြောင်း FBI ရဲ့ စာရွက်စာတမ်းမှာ ဖော်ပြထားပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေနဲ့ တည်နေရာအချက်အလက်တွေကိုလည်း အထောက်အထားအဖြစ် ထည့်သွင်းထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အရေးယူပိတ်ဆို့မှုစာရင်းအရ Tai Chang လုပ်ငန်းဝင်းဟာ DKBA ထိန်းချုပ်မှုရှိတဲ့ နယ်မြေမှာ တည်ရှိပြီး DKBA ဟာ လုပ်ငန်းဝင်းကို လုံခြုံရေးပေးတာ၊ ဆက်လက်လည်ပတ်နိုင်အောင် ခွင့်ပြုတာတွေအပြင် လူကုန်ကူးခံရသူတွေကို အကြမ်းဖက်ညှဉ်းပန်းမှုတွေမှာလည်း ပါဝင်ပတ်သက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် စိုင်းကျော်လှအပါအဝင် အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင် ၄ ဦးနဲ့ အဖွဲ့အစည်းကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် Trans Asia International Holding Group Thailand Company Limited (Trans Asia) ကိုလည်း တရုတ်နိုင်ငံအခြေစိုက် နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်ပြီး ကျားဖြန့်လုပ်ငန်းဝင်းတွေ ဖွံ့ဖြိုးတည်ဆောက်ရာမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အရေးယူပိတ်ဆို့ခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက DKBA ဟာ Tai Chang လုပ်ငန်းဝင်းကို လုံခြုံရေးပေးခဲ့တဲ့အပြင် အဲဒီဝင်းအတွင်း ပိတ်လှောင်ခံထားရတဲ့ လူကုန်ကူးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့လည်း စွပ်စွဲထားပါတယ်။ ကယ်တင်နိုင်ခဲ့တဲ့ လူကုန်ကူးခံရသူတချို့က လျှပ်စစ်ရှော့တိုက်တာ၊ လက်မောင်းတွေကို ချိတ်ဆွဲထားတာနဲ့ အခြားရက်စက်တဲ့ နှိပ်စက်မှုတွေ ကြုံတွေ့ခဲ့ရကြောင်း ထွက်ဆိုထားတယ်လို့ အမေရိကန်အစိုးရက ဖော်ပြထားပါတယ်။
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေဘက်က တုံ့ပြန်ချက်ကိုတော့ အမေရိကန်ရဲ့ အဲဒီထုတ်ပြန်ချက်တွေမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေ တိုးချဲ့လာတာနဲ့အမျှ အလုပ်အကိုင်အတုတွေကတစ်ဆင့် လူကုန်ကူးခံရသူတွေကို ကျားဖြန့်လုပ်ငန်းဝင်းတွေဆီ ပို့ဆောင်ပြီး အွန်လိုင်းလိမ်လည်မှုတွေမှာ အတင်းအကျပ်ခိုင်းစေတဲ့ ဖြစ်စဉ်တွေ ရှိနေပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အထူးအစီရင်ခံစာတင်သွင်းသူတွေက ၂၀၂၅ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသက ကျားဖြန့်လုပ်ငန်းဝင်းတွေအတွင်း လူကုန်ကူးခံရသူတွေကို အတင်းအကျပ်အလုပ်ခိုင်းစေမှု၊ လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်မှု၊ ကိုယ်ထိလက်ရောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေကြောင်း သတိပေးထားပါတယ်။
အဲဒီအစီရင်ခံစာအရ လူအများအပြားဟာ လူမှုကွန်ရက်တွေမှာ လစာကောင်းတဲ့အလုပ်အကိုင်တွေရှိတယ်ဆိုတဲ့ ကြော်ငြာတွေကို ယုံကြည်ပြီး အလုပ်လာလုပ်ကြပေမဲ့ ရောက်ရှိလာတဲ့အခါ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းတွေကို သိမ်းဆည်းခံရတာ၊ လုံခြုံရေးဝန်ထမ်းတွေက စောင့်ကြပ်ထားတဲ့ အဆောက်အအုံတွေမှာ ပိတ်လှောင်ခံရတာနဲ့ အွန်လိုင်းလိမ်လည်မှုတွေကို အတင်းအကျပ် လုပ်ကိုင်ခိုင်းစေတာတွေ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီလို အတင်းအကျပ်လိမ်လည်မှုလုပ်ငန်းတွေမှာ ပါဝင်ခိုင်းစေခံရသူတွေဟာ လိမ်လည်မှုကျူးလွန်သူတွေဖြစ်သလို လူကုန်ကူးမှုနဲ့ အဓမ္မအလုပ်ခိုင်းစေမှုရဲ့ သားကောင်တွေလည်း ဖြစ်နိုင်တယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှဒေသအတွင်းရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို တိုက်ဖျက်ဖို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှာ Scam Center Strike Force ကို ဖွဲ့စည်းခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဝက်ဘ်ဆိုက်တွေကို သိမ်းဆည်းတာ၊ လိမ်လည်မှုကနေ ရရှိထားတဲ့ ငွေကြေးတွေကို ခြေရာခံတာနဲ့ ငွေကြေးခဝါချမှုကွန်ရက်တွေကို ဖြိုခွင်းတာတွေ လုပ်ဆောင်နေပါတယ်။
၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာလည်း အမေရိကန်တရားရေးဌာနက Tai Chang လုပ်ငန်းဝင်းနဲ့ ဆက်စပ်ပြီး အမေရိကန်နိုင်ငံသားတွေကို Cryptocurrency ရင်းနှီးမြှုပ်နှံမှုအတုတွေနဲ့ လိမ်လည်ဖို့ အသုံးပြုခဲ့တဲ့ ဝက်ဘ်ဆိုက်တစ်ခုကို သိမ်းဆည်းခဲ့ပါတယ်။ အဲဒီလုပ်ငန်းစဉ်အတွင်း Facebook အကောင့် ၂,၀၀၀ ခန့်ကိုလည်း Meta က ဖယ်ရှားပေးခဲ့တယ်လို့ FBI က ၂၀၂၆ ခုနှစ် ဧပြီ ၃၀ ရက်မှာ ထပ်မံထုတ်ပြန်ထားပါတယ်။
အမေရိကန်အစိုးရရဲ့ အခုဒေါ်လာ ၁၀ သန်းအထိ ဆုကြေးထုတ်ပြန်မှုဟာ Tai Chang ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ငွေကြေးခဝါချမှုကို ပစ်မှတ်ထားတဲ့ နောက်ထပ်အရေးယူမှုတစ်ခုဖြစ်ပြီး လုပ်ငန်းဝင်းတွေရဲ့ ငွေကြေးစီးဆင်းမှုနဲ့ နောက်ကွယ်က ရာဇဝတ်ကွန်ရက်တွေကို ဖော်ထုတ်နိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
