မင်္ဂလာတောင်ညွန့်မှာ အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး အသတ်ခံရပြီး ခေါင်းဖြတ်ကာ သေတ္တာထဲထည့်ထားတဲ့ ဖြစ်စဉ်ဖြစ်ပွား 

Author CJ Platform
Categories
Published on Nov 13, 2026

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းမကြီးနဲ့ ၅ လမ်းဆုံအနီးရှိ ကွန်ဒိုတစ်ခုရဲ့ ၅ လွှာမှာ နိုဝင်ဘာ ၁၂ ရက် နေ့လယ်ပိုင်းက အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦး အသတ်ခံရပြီး ခေါင်းကိုဖြတ်ကာ သေတ္တာထဲ ထည့်ထားတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီခွဲခန့်မှာ သတ်ဖြတ်ခံထားရတဲ့ အဘွားအိုရဲ့ ဦးခေါင်းမပါတဲ့ ရုပ်အလောင်းကို ကွန်ဒိုမှာ နေထိုင်သူတွေက တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

“ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ အဘွားမှာ တူတစ်ယောက်ပဲရှိတယ်။ သူ့တူက မူးယစ်ဆေး အရမ်းသုံးတာ။ အရင်ကတည်းက ခြေစလက်စရှိတယ်။ ရဲတွေဘက်ကတော့ သူ့တူ သတ်တယ်လို့ ကောက်ချက်ချထားတယ်။ သတ်ပြီး ခေါင်းကိုဖြတ်ကာ သေတ္တာထဲ ထည့်ထားတယ်” လို့ ပြောပါတယ်။

 

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး သံသယရှိသူ အမျိုးသားကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေတယ်လို့ အဆိုပါဒေသခံက ပြောပါတယ်။

 

လက်ရှိမှာ အဘွားအိုကို သတ်ဖြတ်ခဲ့တယ်လို့ သံသယရှိသူဟာ လွတ်မြောက်နေဆဲဖြစ်တာကြောင့် အလားတူ လူသတ်မှုတွေ ထပ်မံဖြစ်ပွားလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

 

အခုနှစ် ဇန်နဝါရီ ၂၄ ရက်ကလည်း မှော်ဘီမြို့နယ်၊ ဆတ်သွားတော၊ ပေတရာမြောက်ပိုင်းရပ်ကွက်မှာ လင်မယားချင်း စကားများရာကနေ အမျိုးသားဖြစ်သူက ဇနီးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။

 

အလားတူ ဖေဖော်ဝါရီ ၂၄ ရက် မနက်အစောပိုင်းကလည်း နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာမှာ လင်မယားချင်း စကားများရန်ဖြစ်ရာကနေ အမျိုးသားဖြစ်သူက ဇနီးကို ခေါင်းဖြတ်သတ်ခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။