ထိုင်းမှာ ၄ နှစ်ပြည့်မယ့် မြန်မာ MOU အလုပ်သမားတွေ မြန်မာနိုင်ငံ မပြန်ဘဲ သက်တမ်းတိုးခွင့်ပြုဖို့ ဆွေးနွေးနေ
ထိုင်းနိုင်ငံမှာ MOU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ ၄ နှစ်တာ အလုပ်လုပ်ခွင့်ကာလ ပြည့်ဆုံးတဲ့အခါ မိခင်နိုင်ငံကို ပြန်ပြီး ရက် ၃၀ စောင့်ဆိုင်းရမယ့် သတ်မှတ်ချက်ကို ကင်းလွတ်ခွင့်ပေးဖို့ ထိုင်းနဲ့ မြန်မာ သဘောတူညီမှုရရှိထားပြီး အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၄ ရက် ထုတ်ပြန်ချက်အရ ထိုင်းအလုပ်အကိုင်ဦးစီးဌာနနဲ့ မြန်မာအာဏာပိုင်တွေဟာ ဇူလိုင် ၂၃ ရက်မှာ အလုပ်သမားရေးရာဆိုင်ရာ အဆင့်မြင့်ဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး မြန်မာ MOU အလုပ်သမားတွေ ၄ နှစ်ပြည့်ချိန်မှာ ရက် ၃၀ နေရပ်ပြန်စောင့်ဆိုင်းရမယ့်ကာလကို ကင်းလွတ်ခွင့်ပေးဖို့ အခြေခံသဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်အရ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက်အတွင်း ၄ နှစ်တာ အလုပ်လုပ်ခွင့်ကာလ ပြည့်ဆုံးမယ့် မြန်မာ MOU အလုပ်သမားတွေကို ယာယီဆက်လက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ ရည်ရွယ်ထားတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဖော်ပြထားပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ အစီအစဉ်အသေးစိတ်ကို အပြီးသတ်ပြုစုနေပြီး နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီနဲ့ ထိုင်းအစိုးရအဖွဲ့ထံ ဆက်လက်တင်ပြအတည်ပြုချက် ရယူရမယ်လို့ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ်အတွင်း ၄ နှစ်တာ အလုပ်လုပ်ခွင့်ကာလ ပြည့်ဆုံးမယ့် မြန်မာအလုပ်သမား ၄၅,၈၃၄ ဦးရှိပြီး ၂၀၂၇ ခုနှစ်အတွင်း ပြည့်ဆုံးမယ့်သူ ၄၆,၉၀၆ ဦး ရှိတယ်လို့ အလုပ်သမားရေးရာ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းအလုပ်အကိုင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဆမတ် ပတ်တမဆုခွန်က အလုပ်ရှင်တွေက အဲဒီအလုပ်သမားတွေကို ဆက်လက်ခန့်ထားလိုပါက ရက် ၃၀ နေရပ်ပြန်စောင့်ဆိုင်းရမယ့် သတ်မှတ်ချက်ကို ဖယ်ရှားဖို့ နှစ်နိုင်ငံ သဘောတူထားကြောင်း ပြောကြားထားပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာဖန် အမော်ရ်နီဝပ် ဦးဆောင်တဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးမူဝါဒကော်မတီရဲ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၆ ရက် အစည်းအဝေးမှာ MOU စနစ်အရ နိုင်ငံခြားသားအလုပ်သမား ခန့်ထားရေး၊ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရေးနဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဆိုင်ရာ အစီအမံတွေကို ဆွေးနွေးခဲ့ပါတယ်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အဲဒီအစည်းအဝေးဆိုင်ရာ ထုတ်ပြန်ချက်မှာတော့ ရက် ၃၀ ကင်းလွတ်ခွင့်အစီအစဉ်ကို အကောင်အထည်ဖော်မယ့် အသေးစိတ်အချက်အလက်နဲ့ စတင်အသုံးပြုမယ့်ရက်ကို ထုတ်ပြန်လာတာ မရှိသေးပါဘူး။
ပုံစာ – ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားအချို့ CI မလုပ်ရေး ကမ်ပိန်းပါဝင်ဆင်နွှဲနေပုံ
