ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ တစ်နေ့ စားသောက်စရိတ် ကျပ် ၁,၅၀၀ နဲ့ နေထိုင်နေရပြီး သောက်ရေသန့်နဲ့ ဆေးဝါး ပြတ်လပ်နေ

Author CJ Platform
Categories
Published on Nov 08, 2026

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ နိုင်ငံရေးအကျဉ်းသားလူငယ် ၅၀ ခန့်ဟာ တစ်နေ့စားသောက်စရိတ် ကျပ် ၁,၅၀၀ သာရရှိပြီး သောက်ရေသန့်နဲ့ ဆေးဝါးပြတ်လပ်မှုအပါအဝင် စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ အခြေခံလူ့အခွင့်အရေးဆိုင်ရာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

 

PPNM ရဲ့ ထုတ်ပြန်ချက်အရ အဲဒီသင်တန်းကျောင်းမှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးအတွက် တစ်နေ့စားသောက်စရိတ် ကျပ် ၁,၅၀၀ သာ သတ်မှတ်ထားတာကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ မရရှိဘဲ ဟင်းချိုရည်နဲ့ အသီးအရွက်ဟင်းတွေကိုသာ အဓိကစားသောက်နေရပြီး တစ်ခါတရံမှသာ အသားဟင်း အနည်းငယ်ရရှိတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် သောက်ရေ၊ ချိုးရေနဲ့ သုံးရေအတွက် သင်တန်းကျောင်းအနီးရှိ ဆည်တော်ကြီးက ရေကိုသာ အဓိကအသုံးပြုနေရပြီး သောက်ရေသန့် ရရှိမှုမရှိဘူးလို့ PPNM က ပြောပါတယ်။

 

ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာလည်း ဆေးဝါးပြတ်လပ်မှုတွေ မကြာခဏဖြစ်ပွားနေသလို အရေးပေါ်ကုသမှုတွေအတွက် တာဝန်ခံဆရာဝန် မရှိတာကြောင့် မန္တလေးဆေးရုံကြီးကို အချိန်မီ ပို့ဆောင်ကုသဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အဲဒီလို စားသောက်ရေးနဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် သင်တန်းကျောင်းမှာ ထိန်းသိမ်းခံထားရတဲ့ လူငယ်တွေဟာ အာဟာရချို့တဲ့မှု၊ ကူးစက်ရောဂါ၊ ယားနာ၊ ခဲအဆိပ်သင့်မှု၊ တီဘီရောဂါ၊ ကျောက်ကပ်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေ ခံစားနေရတယ်လို့ PPNM က ဆိုပါတယ်။

 

ဒါ့အပြင် သင်တန်းကျောင်းရဲ့ ပုံမှန်လုပ်ငန်းတာဝန်တွေထက် ကျော်လွန်ပြီး ထင်းခုတ်ခိုင်းတာ၊ စိုက်ခင်းတွေမှာ အလုပ်ကြမ်းခိုင်းတာတွေ ရှိနေသလို သင်တန်းကျောင်းအာဏာပိုင်တွေက ဝင်ငွေရရှိဖို့ ရည်ရွယ်ပြီး မတရားခိုင်းစေနေတယ်လို့လည်း PPNM က စွပ်စွဲထားပါတယ်။

 

ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းဟာ မကွေး၊ ပခုက္ကူ၊ ကလေး၊ စစ်ကိုင်းနဲ့ မုံရွာ စတဲ့ဒေသတွေမှာ စစ်အုပ်စုက ဖမ်းဆီးတရားစွဲဆိုပြီးနောက် အမိန့်ချမှတ်ခံထားရတဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။

 

PPNM ရဲ့ အချက်အလက်ကောက်ယူမှုအရ ၂၀၂၆ ခုနှစ် မတ်လမှာ စစ်အုပ်စုရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော် လွတ်မြောက်ခဲ့ပေမဲ့ လက်ရှိအချိန်အထိ အဲဒီသင်တန်းကျောင်းမှာ နိုင်ငံရေးအကျဉ်းသား ၅၀ ခန့် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

 

သင်တန်းကျောင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ကျောင်းအုပ်ကြီး ဦးသိန်းသန်းဦး၊ ညွှန်ကြားရေးမှူး ဒေါ်ဝေဝေဖြိုးလှိုင်နဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်မေသိန်းတို့ တာဝန်ယူထားကြောင်းလည်း PPNM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို အခုလို ထိန်းသိမ်းဆက်ဆံနေတာဟာ ကုလသမဂ္ဂ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (UN CRC) ပါ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ စောင့်ရှောက်ခံပိုင်ခွင့်နဲ့ အလုပ်ကြမ်းခိုင်းစေမှုကနေ ကာကွယ်ခံပိုင်ခွင့်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ PPNM က ထောက်ပြထားပါတယ်။

 

အဲဒီချိုးဖောက်မှုတွေအတွက် စစ်အုပ်စုနဲ့ သင်တန်းကျောင်းတာဝန်ရှိသူတွေမှာ တိုက်ရိုက်တာဝန်ရှိပြီး ပြန်လည်တာဝန်ခံစေရေး ဆက်လက်ကြိုးပမ်းသွားမယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။