မြန်မာသုတေသီ မခင်ရတနာဌေး စတုတ္ထမြောက် ငါးမျိုးစိတ်သစ်ကို ထပ်မံဖော်ထုတ်နိုင်ခဲ့
မြန်မာအမျိုးသမီးသုတေသီ မခင်ရတနာဌေးဟာ မြန်မာနိုင်ငံက ရေချိုငါးမျိုးစိတ်တွေကို သုတေသနပြုရာမှာ သူမရဲ့ စတုတ္ထမြောက် ငါးမျိုးစိတ်သစ်ဖြစ်တဲ့ ဘေးစင်းပြာရင်ဘောင်စာ (Laubuka caeruleostriata sp. nov. Khin, Myo & Chen, 2026) ကို ထပ်မံဖော်ထုတ်မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းဆောင်းပါးတွေကို တင်ဆက်နေတဲ့ Kaung Thaw က ဖော်ပြလာပါတယ်။
တရုတ်သိပ္ပံအကယ်ဒမီမှာ ပါရဂူဘွဲ့အတွက် ပညာဆည်းပူးနေတဲ့ မခင်ရတနာဌေးဟာ မြန်မာနိုင်ငံရဲ့ မြစ်သာမြစ်၊ အင်းတော်ကြီးကန်နဲ့ စစ်တောင်းမြစ်တို့မှာ တွေ့ရှိရတဲ့ ငါးမျိုးစိတ်သစ် ၃ မျိုးကိုလည်း ယခင်က ဖော်ထုတ်မှတ်တမ်းတင်ခဲ့သူဖြစ်ပါတယ်။
အဲဒီငါးမျိုးစိတ်တွေကတော့ မြစ်သာငါးရင်ဘောင်စာ (Laubuka myitthaensis)၊ အင်းတော်ကြီးငါးရင်ဘောင်စာ (Laubuka indawgyiana) နဲ့ စစ်တောင်းငါးရင်ဘောင်စာ (Laubuka sittaungensis) တို့ဖြစ်ပါတယ်။
သူမရဲ့ စတုတ္ထမြောက် ငါးမျိုးစိတ်သစ်ဖြစ်တဲ့ ဘေးစင်းပြာရင်ဘောင်စာကိုတော့ ရန်ကုန်မြစ်နဲ့ ဖျာပုံမြစ်တို့မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
အဲဒီငါးမျိုးစိတ်ကို စတင်သတိပြုမိခဲ့တာကတော့ မြန်မာနိုင်ငံက အပင်နဲ့တိရစ္ဆာန်မျိုးစိတ်တွေကို ခွဲခြားလေ့လာဖော်ထုတ်နေတဲ့ လူငယ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ Native Species Conservation & Identification (NSCI) အဖွဲ့က ကိုမျိုးမြင့်သူ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကနေတစ်ဆင့် ဖြစ်ပါတယ်။
ကိုမျိုးမြင့်သူဟာ ၂၀၂၄ ခုနှစ်မှာ သူကိုယ်တိုင်ရိုက်ကူးထားတဲ့ ငါးဓာတ်ပုံတွေကို မခင်ရတနာဌေးထံ ပြသပြီး မျိုးစိတ်အမည်ကို မေးမြန်းခဲ့ရာကနေ ဒီငါးဟာ အခြားရင်ဘောင်စာမျိုးစိတ်တွေနဲ့ အရောင်ကွဲပြားနေတာကို သတိပြုမိခဲ့တာလို့ မခင်ရတနာဌေးက Kaung Thaw ကို ပြောကြားထားပါတယ်။
ဒါပေမဲ့ ဓာတ်ပုံတစ်ပုံတည်းနဲ့ မျိုးစိတ်သစ်ဖြစ်ကြောင်း ဆုံးဖြတ်လို့မရတာကြောင့် ၂၀၂၄ ခုနှစ်မှာ ကိုမျိုးမြင့်သူနဲ့ တွေ့ဆုံပြီး ငါးနမူနာတွေကို ရယူခဲ့ပါတယ်။ နောက်ပိုင်းမှာ အရှေ့တောင်အာရှ ဇီဝမျိုးစုံမျိုးကွဲ သုတေသနအဖွဲ့ကလည်း အဲဒီငါးမျိုးစိတ်ကို ၂၀၂၅ ခုနှစ်မှာ ဖျာပုံမြစ်အတွင်း ထပ်မံတွေ့ရှိပြီး သူမထံ ပေးပို့ခဲ့တာလို့ သိရပါတယ်။
ငါးနမူနာတွေကို သုတေသနဓာတ်ခွဲခန်းမှာ ပြင်ပရုပ်သွင်လက္ခဏာအရ အသေးစိတ်စစ်ဆေးခဲ့ပြီးနောက် မျိုးစိတ်သစ်ဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။
“ဒီငါးမျိုးစိတ်ကို NSCI အဖွဲ့က ကိုမျိုးမြင့်သူက ပုံလေးအရင်လာပြပြီး ဘာမျိုးစိတ်လဲဆိုပြီး ကျွန်မကို လာမေးခဲ့ပါတယ်။ ပုံကိုတွေ့တာနဲ့ ဒီငါးမျိုးစိတ်က တခြားငါးရင်ဘောင်စာမျိုးစိတ်တွေနဲ့ အရောင်လုံးဝကွဲထွက်နေတာကို သတိထားမိပါတယ်။ ဒါပေမဲ့ ပုံကြည့်ရုံနဲ့တော့ မျိုးစိတ်သစ်လို့ ကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ ငါးရဲ့ပြင်ပသွင်ပြင်လက္ခဏာတွေကို သုတေသနဓာတ်ခွဲခန်းမှာ အသေးစိတ်စစ်ဆေးကြည့်တဲ့အခါ ငါးမျိုးစိတ်အသစ်ဖြစ်တယ်ဆိုတာ သေချာခဲ့ပါတယ်” လို့ မခင်ရတနာဌေးက Kaung Thaw မှာ ဖြေကြားထားပါတယ်။
ငါးမျိုးစိတ်သစ်ဖြစ်ကြောင်း အတည်ပြုနိုင်ဖို့ ပြင်ပရုပ်သွင်လက္ခဏာတစ်ခုတည်းနဲ့ မလုံလောက်တာကြောင့် ၂၀၂၆ ခုနှစ်မှာ Mitochondrial DNA မျိုးရိုးဗီဇဆိုင်ရာ လေ့လာမှုတွေကို ထပ်မံပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုမှာ Mitochondrial sequences စုစုပေါင်း ၅၇ ခုကို အသုံးပြုပြီး မော်လီကျူးမျိုးဗီဇဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးမှာ ပြင်ပရုပ်သွင်လက္ခဏာနဲ့ မော်လီကျူးမျိုးဗီဇဆိုင်ရာ သုတေသနရလဒ်တွေကို ပေါင်းစပ်သုံးသပ်ပြီး မျိုးစိတ်သစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတကာသိပ္ပံဂျာနယ်မှာ သုတေသနစာတမ်းရေးသားတင်သွင်းခဲ့သလို ZooBank မှာလည်း မျိုးစိတ်သစ်အဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
သူမဟာ အင်းတော်ကြီးကန်အတွင်း တွေ့ရှိရတဲ့ ငါးမျိုးစိတ်တွေအကြောင်း ဖော်ပြထားတဲ့ “An Illustrated Guide to the Fishes of Indawgyi Lake in Myanmar” စာအုပ်ကိုလည်း အခြားသုတေသီတွေနဲ့ ပူးပေါင်းရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။
Ref – Kaung Thaw
ဓာတ်ပုံ – Kaung Thaw
