မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဝင်ငွေကို ၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ ထိုင်းနိုင်ငံရေးပါတီ အဆိုပြု
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဝင်ငွေကို ၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ ထိုင်းနိုင်ငံရေးပါတီတစ်ခုက အဆိုပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံရေးပါတီဖြစ်တဲ့ Economic Party ဥက္ကဋ္ဌနဲ့ လွှတ်တော်အမတ် ခရစ် ပိုထရာနန် (Chris Potranan) က နိုဝင်ဘာ ၅ ရက်မှာ ဘန်ကောက်မြို့ရှိ လွှတ်တော်အဆောက်အအုံမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး မြန်မာအလုပ်သမားတွေနဲ့ နိုင်ငံခြားသားအလုပ်သမားဆိုင်ရာ မူဝါဒအပြောင်းအလဲတွေအတွက် အဆိုပြုချက် ၄ ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအဆိုပြုချက်တွေထဲမှာ နိုင်ငံခြားသားအလုပ်သမားတွေရဲ့ ဝင်ငွေကို ၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့လည်း ပါဝင်ပါတယ်။ ဒီလိုကောက်ခံနိုင်မယ်ဆိုရင် တစ်နှစ်ကို ထိုင်းနိုင်ငံအတွက် ဘတ်သန်း ၃၀,၀၀၀ ခန့် အခွန်ဝင်ငွေရရှိနိုင်တယ်လို့ ခရစ်က ခန့်မှန်းပြောဆိုထားပါတယ်။
သူက ထိုင်းနိုင်ငံမှာ တရားဝင် အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအလုပ်သမား ၄ သန်းခန့်ရှိပြီး တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်သူတွေ အပါအဝင် စုစုပေါင်း ၁၀ သန်းအထိ ရှိနိုင်တယ်လို့ ပြောပါတယ်။ အဲဒီအလုပ်သမားတွေဟာ ထိုင်းနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး၊ ဆေးရုံနဲ့ ပညာရေးစနစ်တွေကို အသုံးပြုနေကြပေမဲ့ အခွန်ကောက်ခံမှု မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ တစ်နှစ်ဝင်ငွေ ဘတ် ၁၅၀,၀၀၀ အထိကို ကိုယ်ပိုင်ဝင်ငွေခွန် ကင်းလွတ်ခွင့် သတ်မှတ်ထားတာကြောင့် ဝင်ငွေနည်းပါးတဲ့ နိုင်ငံခြားသားအလုပ်သမားအများစုဟာ ဝင်ငွေခွန် ပေးဆောင်ရခြင်း မရှိဘူးလို့ ခရစ်က ပြောပါတယ်။ ဒါကြောင့် နိုင်ငံခြားသားအလုပ်သမားတွေအတွက် အဲဒီအခွန်ကင်းလွတ်ခွင့်ကို ဖယ်ရှားပြီး ၅ ရာခိုင်နှုန်း အခွန်ကောက်ခံဖို့ အဆိုပြုတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရေးပါတီရဲ့ အဆိုပြုချက်အရ အဲဒီအခွန်ကောက်ခံရေးကို အကောင်အထည်ဖော်နိုင်ဖို့ ဝင်ငွေခွန်ဥပဒေ (Revenue Code) ကို ပြင်ဆင်ပြီး လွှတ်တော်ကနေ ဥပဒေပြုဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ခရစ်က မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံသားတွေ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲပို့တဲ့အခါ စစ်အုပ်စုက ၂ ရာခိုင်နှုန်း အခွန်ကောက်ခံနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာလည်း အခွန်ပေးဆောင်သင့်တယ်လို့ သူက အဆိုပြုခဲ့တာပါ။
ဒါ့အပြင် ခရစ်က မြန်မာအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရထံ နယ်စပ်ထိန်းချုပ်ရေး တင်းကျပ်ဖို့၊ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အလုပ်သမားတွေကို ဖမ်းဆီးပြီး ပြန်ပို့ဖို့နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ထိုင်းလုပ်ငန်းရှင်အချို့ တောင်းဆိုနေတဲ့ CI စနစ် ဖျက်သိမ်းရေးကို ဆက်လက်ထားရှိဖို့တို့ကိုပါ တင်ပြခဲ့ပါတယ်။
ဒီအဆိုပြုချက်ဟာ နိုဝင်ဘာ ၁ ရက်က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ Bright Future အဖွဲ့က ဦးဆောင်ပြီး မြန်မာနိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ မြန်မာနိုင်ငံအတွင်းက အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီဆန္ဒပြမှုနဲ့ ပတ်သက်ပြီး ခရစ်က နိုင်ငံခြားသားအုပ်စုတွေက ထိုင်းနိုင်ငံကို အသုံးပြုပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်လာတာဟာ ထိုင်းနိုင်ငံရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုင်ငံခြားသားအလုပ်သမားအရေအတွက်ကို စနစ်တကျ ထိန်းချုပ်မထားရင် နောင်မှာ လူထောင်သောင်းချီ ပါဝင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက သတိပေးခဲ့ပါတယ်။
ဓာတ်ပုံ – TP
