ရခိုင်မပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၂၇ ဧပြီ ၄ ရက်မှာ ကျင်းပမယ်လို့ စစ်အုပ်စုရဲ့ UEC ကြေညာ
လစ်လပ်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာတွေအတွက် ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် ၂၀၂၇ ခုနှစ် ဧပြီ ၄ ရက်၊ တနင်္ဂနွေနေ့မှာ ကျင်းပသွားမယ်လို့ အာဏာသိမ်းစစ်အုပ်စု လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၅ ရက်မှာ ကြေညာချက်အမှတ် (၆၈/၂၀၂၆) နဲ့ တရားဝင် ထုတ်ပြန်လိုက်ပါတယ်။
အတုယောင်ကြားဖြတ်ရွေးကောက်ပွဲမှာ မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) နဲ့ ရွေးချယ်မယ့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၅ နေရာနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နေရာ၊ စုစုပေါင်း မဲဆန္ဒနယ် ၅၅ နေရာ ပါဝင်ပါတယ်။
အတုယောင်ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်စာရင်းတွေကို အသေးစိတ် လေ့လာကြည့်တဲ့အခါ အဓိက အပိုင်းနှစ်ပိုင်း ကွဲပြားနေပြီး ပထမအပိုင်းကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က လစ်လပ်နေတဲ့ နေရာအများစု ဖြစ်ပါတယ်။
နေပြည်တော်က ဇမ္ဗူသီရိ၊ ဒက္ခိဏသီရိ၊ ဥတ္တရသီရိမြို့နယ်တွေအပြင် မန္တလေးတိုင်းက ပြင်ဦးလွင်၊ ရန်ကုန်တိုင်းက မရမ်းကုန်းနဲ့ တာမွေ စတဲ့ မြို့နယ်တွေမှာ လွှတ်တော်အမတ်နေရာတွေကို စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ (USDP) က ကိုယ်စားလှယ်တွေ အနိုင်ရခဲ့ပါတယ်။ အဲဒီကိုယ်စားလှယ်တွေဟာ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့မှာ ဝန်ကြီး၊ ဒုဝန်ကြီး ရာထူးတွေ ရယူသွားကြတာကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အမတ်အဖြစ်ကနေ အလိုအလျောက် နုတ်ထွက်ပြီး လစ်လပ်သွားခဲ့တဲ့ နေရာတွေ ဖြစ်ပါတယ်။
ဒုတိယအပိုင်းဖြစ်တဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၁၆ နေရာကတော့ လုံးဝ ကွဲပြားနေပါတယ်။ အဲဒီ ၁၆ နေရာဟာ ချင်းပြည်က တွန်းဇံနဲ့ ဖလမ်း၊ စစ်ကိုင်းတိုင်းက ပုလဲ၊ ယင်းမာပင်၊ တန့်ဆည်၊ ရွှေဘို၊ ကောလင်း၊ အင်းတော်၊ ထီးချိုင့်နဲ့ ဗန်းမောက်၊ မန္တလေးတိုင်းက မိုးကုတ်၊ စဉ့်ကူးနဲ့ နွားထိုးကြီး၊ ပဲခူးတိုင်းက ဇီးကုန်းနဲ့ သဲကုန်း၊ ဧရာဝတီတိုင်းက ရေကြည်မြို့နယ်တွေ ဖြစ်ပါတယ်။
ဒီ ၁၆ မြို့နယ်ဟာ စစ်အုပ်စုက ယခင် အတုယောင်ရွေးကောက်ပွဲတွေမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ ချန်လှပ်ထားခဲ့ရတဲ့ ဒေသတွေ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း အဲဒီဒေသအများစုဟာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ တိုင်းရင်းသားမဟာမိတ်တပ်တွေ အခိုင်အမာ စိုးမိုးထိန်းချုပ်ထားတဲ့ တော်လှန်ရေးအမာခံနယ်မြေတွေ၊ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်မြေပြင်တွေ ဖြစ်နေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကလည်း စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဦးရာပြည့်ဟာ ရှမ်းပြည်အရှေ့ပိုင်း မိုင်းလားဒေသကို သွားရောက်ပြီး ၂၀၂၇ ခုနှစ် အတုယောင်ကြားဖြတ်ရွေးကောက်ပွဲကို အထူးဒေသ (၄) မိုင်းလားမှာ ထည့်သွင်းကျင်းပနိုင်ရေးအတွက် NDAA မိုင်းလားအဖွဲ့နဲ့ အပူတပြင်း ညှိနှိုင်းခဲ့ပါသေးတယ်။ ဒါပေမဲ့ အခုကြေညာလိုက်တဲ့ ၂၀၂၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆန္ဒနယ်စာရင်းမှာ မိုင်းလားဒေသ ပါဝင်လာခြင်း မရှိပါဘူး။
ပုံစာ – စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြင်ကွင်း (ပုံဟောင်း)
